မြစ်ကြီးနား ဒီဇင်ဘာ ၃၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ မြန်မာအီလက်ထရောနစ်မဲပေးစက်များ ထိန်းသိမ်းထားရှိရာနေရာသို့သွားရောက်ပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် အသုံးပြုခဲ့သော မြစ်မာအီလက်ထရောနစ် မဲပေးစက်များကို စနစ်တကျ ပြန်လည်အပ်နှံထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်တာဝန်ခံနှင့် တာဝန်ရှိသူများသည် ပြည်နယ်လွှတ်တော်ရုံး၌ မြန်မာအီလက်ထရောနစ်မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများကို တာဝန်ရှိသူများက စနစ်တကျစစ်ဆေး၍ ပြန်လည်အပ်နှံထားရှိမှု အခြေအနေများနှင့် မဲပေးစက်တွင် အသုံးပြုခဲ့သည့် (၁၂)ဗို့ ဘက်ထရီအိုးများကို ပြန်လည်အားသွင်း၍ စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံသည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်တာဝန်ခံသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) တွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ မဲစာရင်းအမှတ်စဉ်နံပါတ်များကို အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း လိုက်လံပေးအပ်သွားရန်နှင့် မဲရုံများတွင်အသုံးပြုရန် ရောက်ရှိလာသည့် မဲပေးစက်များကို ကြိုတင်စစ်ဆေးဆောင်ရွက်ထားကြရန်နှင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာသည့် ပြည်နယ်/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက အပိုင်း (၂)ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှုအခြေအနေများ၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်တာဝန်ခံက သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် ပြည်နယ်တာဝန်ခံသည် ယမန်နေ့ နံနက်ပိုင်းကလည်း အဆိုပါရုံး အစည်းဝေးခန်းမ၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁)အတွက် ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်အလိုက် ရရှိသည့် ခိုင်လုံဆန္ဒမဲများအား လွှတ်တော်အလိုက် ကိုယ်စားလှယ်လောင်းများရရှိသော ဆန္ဒမဲစာရင်း ပုံစံ(၁၉)နှင့် ပုံစံ(၁၉-က)များ ပြုစုဖြည့်သွင်းဆောင်ရွက်နေမှု အခြေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)