ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မြစ်ကြီးနားမြို့နယ်အတွင်း ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဒီဇင်ဘာ ၂၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလိုက်ပါလျက် မြစ်ကြီးနားမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် နံနက် ၆ နာရီက စတင်ဖွင့်လှစ်လျက်ရှိသော သက်ဆိုင်ရာမဲရုံအသီးသီး၌ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်တာဝန်ခံ ဦးခင်ဇော်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်အမှတ် (၉) အခြေခံပညာမူလတန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ် (၈) သို့ရောက်ရှိပြီး ရပ်ကွက်နေပြည်သူများ တည်ငြိမ်အေးချမ်းစွာ စနစ်တကျဆန္ဒမဲပေးနေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်သူများအစဉ်ပြေချောမွေ့စွာ မဲပေးနိုင်ရေးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်တာဝန်ခံသည် လယ်ကုန်း(ဇီးလွန်)ရပ်ကွက်အတွင်း အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော မဲရုံအမှတ် (၈၀) နှင့် မဲရုံအမှတ် (၇၄) တို့၌ လည်းကောင်း၊ လယ်ကုန်းရပ်ကွက်အတွင်း အခြေခံပညာအလယ်တန်းကျောင်း(လယ်ကုန်း)၌ ဖွင့်လှစ်ထားသော မဲရုံအမှတ်(၇၆)၌လည်းကောင်း၊ ဧရာရပ်ကွက်အတွင်း အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ဖွင့်လှစ်ထားသော မဲရုံအမှတ်(၁၁)၌လည်းကောင်း၊ မြို့သစ်ကြီးရပ်ကွက် (အေးမြသာယာ) မဲရုံအမှတ်(၉၅)၌လည်းကောင်း ဒေသခံပြည်သူများ တည်ငြိမ်အေးချမ်းစွာ လျှို့ဝှက်ဆန္ဒမဲပေးနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ၊ မဲရုံတာဝန်ရှိဝန်ထမ်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)