ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၅

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် သင်တန်းသား/သင်တန်းသူများ အားကစားကိုအခြေခံ၍ အချင်းချင်းချစ်ကြည်ပူးပေါင်းမှုရရှိကာ ကာယ၊ ဉာဏ၊ စာရိတ္တ တိုးတက်မြင့်မားရေးအတွက် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို အားကစားပြိုင်ပွဲကျင်းပပြုလုပ်ပေးခြင်းသည် အနာဂတ်ပညာရေးကဏ္ဍတွင် ဦးဆောင်ကြမည့် ဆရာ၊ ဆရာမများအတွက် ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းပြီး စိတ်ဓာတ်ရေးရာပျံ့လွင့်မှု မရှိစေဘဲ၊ အတွေးအခေါ်ကောင်းများ၊ လူမှုဆက်ဆံရေး ပတ်ဝန်းကျင်ကောင်းများကို ပိုမိုဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြောကြားပြီး အားကစားပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ထို့နောက်မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်ဥမ္မာမြင့်က အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည် နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ အားကစားနည်း(၃)နည်းမှ ပြိုင်ပွဲဝင်အားကစားအသင်း (၄)သင်းတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ဆက်လက်၍ ပညာရေးဒီဂရီကောလိပ် ကျောင်းသား/ကျောင်းသူများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားပြိုင်ပွဲများ အတွက် ချီးမြှင့်ငွေကျပ်သိန်း ၂၀ နှင့်ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများနှင့်အတူ မီတာ(၂၀၀) ကျား/မ အပြေးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလီဘောပြိုင်ပွဲများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ လုပ်ငန်း များ ပိုမိုထိရောက် အောင်မြင်အောင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ နှင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို လစဉ်စဉ်ဆက်မပြတ်ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်နိုင်ရေး၊ ပြည်နယ်ဝန်ကြီးများအနေဖြင့်လည်း သက်ဆိုင်ရာဌာနများအလိုက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ထိရောက်အောင်မြင်စေရေး အနီးကပ်ကြီးကြပ် လမ်းညွှန်ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ဌာနဆိုင်ရာများအနေဖြင့်လည်း လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေရေး ညှိနှိုင်းဆောင်ရွက်သွားရန်၊ အထူးသဖြင့် တင်ပြချက်များအပေါ် ဒေသအလိုက် ပိုမို တိကျမှန်ကန်စွာ စီမံခန့်ခွဲနိုင်ရေး ကိန်းဂဏန်းအချက်အလက်များကို မြေပြင်အခြေအနေ မှန်အတိုင်း အလေးအနက်ထားတင်ပြနိုင်ရေး၊ ထို့အပြင် ဝန်ထမ်းများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုနေထိုင် ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများကို အသီးသီးရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းတံတား၊ ကျန်းမာရေး စသည့်တို့ကို ကဏ္ဍ အလိုက် လမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကဏ္ဍအလိုက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး အလေးအနက်ထား ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက် များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အသေးစားစက်မှုလက်မှုဦးစီးဌာနရုံး လေ့ကျင့် ပျိုးထောင်ရေးစင်တာ၌ ကချင်ပြည်နယ်အတွင်း အသေးစားထုတ်ကုန်များ တိုးမြှင့်ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားရေး နည်းပညာသင်တန်းများအတွက် ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်သည် စီမံကိန်း သင်တန်းသားများထံ သင်တန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့သင်တန်းများသည်အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးအတွက် ပစ္စည်းနှင့် နည်းပညာများကို အသုံးပြု၍ တစ်ပိုင် တစ်နိုင် အသေးစားထုတ်ကုန် လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာမည်ဖြစ် သကဲ့သို့ ထုတ်ကုန်လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဆောာင်ရွက်ခြင်းအားဖြင့် ပြည်နယ် နှင့် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေတို့က အမျိုးသမီးများဝင်ငွေတိုးရေးစီမံကိန်းအတွက် ဖွင့်လှစ်ပေးခဲ့သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်ခြင်း သင်တန်းနှင့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး စီမံကိန်းဖြင့် ဖွင့်လှစ်ပေးခဲ့ သော အခြေခံနှင့် မွမ်းမံဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းအတွက် သင်တန်းသုံးပစ္စည်းများ ကို ပေးအပ်ခဲ့ကြပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးတို့က စီမံကိန်းလုပ်ငန်းများအတွက် နည်းပညာသင်တန်းဆင်း လက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော နည်းပညာသင်တန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်အတွင်းရှိ အင်ခိုင်ဘွမ်တောင်ခြေ၌ နယ်မြေလုံခြုံရေးအရ ယာယီခိုလှုံရာစခန်းများအား ပိတ်သိမ်းပြီး ပြောင်းရွှေ့နေရာချထားပေးခဲ့သော ငွေပျော်စံပြကျေးရွာသို့သွားရောက်ပြီး ကျေးရွာဘက်စုံသုံးခန်းမ၌ ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် ယနေ့ပညာရေးနှင့် ကျန်းမာ‌ရေးဝန်ထမ်းများအား နေထိုင်စားသောက်မှု အဆင်ပြေစေရေး အတတ်နိုင်ဆုံးလာရောက် ကူညီပေးအပ်ခြင်းဖြစ်ပြီး ကျေးရွာတိုးတက်ရေးအတွက် လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ကျေးရွာ အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်ကြားရေး ဆရာ/ ဆရာမများနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ဝန်ထမ်းများအတွက် ဆန်အိတ် (၈၀)အိတ်ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မိုးရာသီတွင် ရွာလယ်လမ်းများနှင့် နေအိမ်များအတွင်း ရေဝပ်တင်ကျန်မှုမရှိစေရေး ရေနှုတ်မြောင်းအရှည် (၂၇၀၀)ကျော်အား ကျောက်စီရေနှုတ်မြောင်းအဖြစ် ဆောင်ရွက်ပေးနိုင်ရေး၊ ရွာပတ်လမ်းအဆင့်မြှင့်တင်ပေးနိုင်ရေးနှင့် ဘောလုံးကွင်းရရှိရေးနှင့် စာသင်ကျောင်းများအတွက် လိုအပ်ချက်များတင်ပြမှုကို ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျေးရွာ၏ လိုအပ်ချက်ဖြစ်သော ရေနှုတ်မြောင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရေးနှင့် ရွာပတ်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများအား အမြန်ဆုံးကွင်းဆင်းတိုင်းတာစစ်ဆေးတင်ပြနိုင်ရေး ကျေးရွာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)