မြစ်ကြီးနား ဒီဇင်ဘာ ၂၆
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ယခင်နှစ်များနှင့်မတူ ပိုမိုခမ်းနားထည်ဝါစွာ၊ ရင်းနှီးထွေးနွေး ပျော်ရွှင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လာမည့် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ်အစဉ်အလာမပျက်၊ အနှစ်သာရရှိစွာဖြင့် အလေးအနက်ထား ကျင်းပပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်အသီးသီးကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည့်အတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြစေလိုကြောင်း၊ အထူးသဖြင့် အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် ခမ်းနားထည်ဝါစွာ၊ ရင်းနှီးထွေးနွေးပျော်ရွှင်စွာ မိသားစုပုံစံဖြင့် ကျင်းပပြုလုပ်ရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများအတွက် ဇန်နဝါရီ (၈)ရက်နေ့မှ စတင်၍ ဇန်နဝါရီ (၁၁)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည့် အသေးစိတ်အစီအမံများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ပေးရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်နေ့အထိမ်းအမှတ် အဖွင့်မနောနှင့် အပိတ်မနော၊ သဝဏ်လွှာဖတ်ပွဲအခမ်းအနားနှင့် ဒေသထွက်ထုတ်ကုန် ပစ္စည်းပြခန်းများ၊ သစ်သီးဝလံပြပွဲ/ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပွဲ နှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက တင်ပြချက်များအပေါ် ဖြည့်စွက်သုံးသပ်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်နေ့အထိမ်းအမှတ် ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းဖွင့်ပွဲနှင့် ကချင်ပြည်နယ်ယဉ်ကျေးမှုပြတိုက် တိုးချဲ့အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်သွား မည့် အစီအစဉ်များနှင့် ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးကြိုဆိုပွဲ အခမ်းအနားကို အဆိုပါ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းအတွင်း ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် အစည်းအဝေးအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်နေ့အထိမ်းအမှတ်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်အတွင်းရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပြည်နယ်ယဉ်ကျေးမှုပြတိုက်ဝင်းအတွင်း ယဉ်ကျေးမှုပြတိုက် နှစ်ထပ်အဆောက်အဦသစ် တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် ပြတိုက်အဆောက်အဦသစ် မြေညီထပ်တွင် ဖွင့်လှစ်ပြသသွားမည့် ပြခင်းပြကွက်အစီအမံများနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနား ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကချင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်အဆောက်အအုံသစ်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၉၉၄ ဒဿမ ၈၈၀ သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၈)က တာဝန်ယူတည်ဆောက်ခဲ့သည့် အလျား (၆၀) ပေ၊ အနံ (၁၂၀)ပေ၊ အမြင့် (၃၂)ပေရှိ သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦဖြစ်ပြီး ပြတိုက်အဆောက် အဦသစ်အတွင်း မြေညီထပ်တွင် ကချင်ပြည်နယ်၏ အထင်ကရနေရာများပါဝင်သည့် ပြခင်းပြကွက် ခန်းနှင့်အတူ ဧည့်ကြိုကောင်တာနှင့် ကော်ဖီဆိုင်၊ Digital Museum ပြကွက်၊ ဒြပ်မဲ့ယဉ်ကျေးမှုပြခန်းနှင့် အစည်းအဝေးခန်းမ၌ (Mini Theatre & Function Hall) ပါဝင်မည်ဖြစ်ကြောင်းနှင့် ဒုတိယထပ်တွင် ကချင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံများအရ ကျင်းပသော ပွဲတော်များထဲမှ ခမ်းနားကြီးကျယ်သည့် မနောပွဲပြကွက်၊ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများပြကွက်တို့ကို ဒစ်ဂျစ်တယ်ပြတိုက်အဖြစ် အဆင့်မြှင့်တင်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)