ပူတာအို နိုဝင်ဘာ ၂၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်နေ့ကို အလေးထား တန်ဖိုးထားတတ်လာစေရန်၊ အသိပညာဗဟုသုတများ ပြည့်ဝလာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ နိုဝင်ဘာ(၂၅)ရက်နေ့တွင် ကျရောက်မည့် (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ် နှင့်ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က ပြိုင်ပွဲတွင်လိုက်နာရမည့် စည်းကမ်းချက်များနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲတွင် အ.ထ.က(ပူတာအို)ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၄)ဦးတို့က စိတ်ကြိုက်ပုံပြင်များဖြင့်လည်းကောင်း၊ ကဗျာရွတ်ပြိုင်ပွဲတွင် အ.ထ.က(ပူတာအို)ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ(၁၈)ဦးတို့က အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာများဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရကျောင်းသားကျောင်းသူများအား ခရိုင်ဦးစီးအရာရှိ ဦးစိုးမိုးနိုင်နှင့် အမှတ်ပေးဒိုင်ဆရာမများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုအနေဖြင့် ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)