မြစ်ကြီးနား နိုဝင်ဘာ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းတို့က ဘင်ခရာ၊ ပန်းပွား အဖွဲ့၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ အခြေခံပညာကျောင်းသား/ ကျောင်းသူများ ဝန်းရံ၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချူပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများက မလိခဆောင် စာသင်ခန်းများအတွင်း ကျောင်းသားကလေးငယ်များအတွက် စာဖတ်စွမ်းရည်မြင့်မားစေရေး စွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ သည်။
ထို့နောက် ပွဲတော် အခမ်းအနားကို အေးမြသီတာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ဦးစွာ လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များသည် အနာဂတ် လူငယ်များအတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အသိပညာ၊ အတတ်ပညာကို သင်ယူနေကြသည့် အရွယ်တွင် သီးသန့်သင်ကြားခြင်းမဟုတ်ဘဲ ဗဟုသုတရသည့်စာပေများကို ယခုလိုစာပေပွဲတော်များတွင် လေ့လာဖတ်ရှုသင်ယူခြင်းဖြင့် ပညာရည်ပြည့်ဝသော အနာဂတ်မျိုးဆက်များအဖြစ် ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုကြသူများ ဖြစ်သည့်အတွက် လူတော်လူကောင်းများဖြစ်လာအောင်၊ ယဉ်ကျေးလိမ္မာပြီး ခေတ်ပညာဖြင့် ပြည့်စုံကာ အကျင့်စာရိတ္တ ကောင်းမွန်အောင်၊ အများအကျိုးကို ဆောင်ရွက်တတ်အောင် လေ့ကျင့်ပျိုးထောင်ပေးရမည် ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံ၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင် တည်ဆောက်နိုင်ရန် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ ပြည့်စုံလာအောင် စာကြည့်တိုက်များရှင်သန်စေရေးနှင့် စာဖတ်မှတ်သည့် အလေ့အကျင့်များ ထွန်းကားလာအောင် အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ပန်းတိုင်းပွင့်စေ” တေးသီချင်းဖြင့် သရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့ကာ ကျောင်းသား/ကျောင်းသူလေးများက ပြည်ထောင်စုအင်အား တေးသီချင်းသီဆို၍ သရုပ်ပြဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများက စာပေပွဲတော်အထိမ်းအမှတ် ဉာဏစွမ်းရည်ဆိုင်ရာ စာပေပြိုင်ပွဲများဖြစ်သည့် စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြင်ပြော၊ ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ စာပေဟောပြောပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးသည့် စာရေးဆရာအား လည်းကောင်း၊ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့ကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့၊ ဖျော်ဖြေရေးအကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တာဝန်ရှိသူများက ကျောင်းခန်းမတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းများက ဖွင့်လှစ်ပြသ လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်း၊ စာအုပ်/ စာပေပြခန်း၊ အခြေခံပညာကျောင်းပြခန်းများ ဖွင့်လှစ်ပြသလျက်ရှိသည့် အခြေအနေများနှင့် ကျောင်းဝင်းအတွင်း ရွေ့လျားစာကြည့်တိုက်ဖြင့် စာဖတ်စာငှားလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျောင်းသားကလေးများအတွက် ဉာဏစွမ်းရည်နှင့် ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး စကားပုံဆက်၊ ရုပ်ပုံဆက်၊ မျှားပစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဉာဏ်စမ်းအမေးအဖြေများနှင့် ခါးကွင်းလှည့်ခြင်း၊ သံပုံးရိုက်စသည့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများအပါအဝင် အခြေခံပညာကျောင်းများအလိုက် စာဖတ်စွမ်းရည်ပြခန်းများ ဖွင့်လှစ်ပြသနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုအဖြစ် ကလေးဖတ်စာပေ၊ စာအုပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ သုတရတနာစာကြည့်တိုက်အတွင်း ကျောင်းသား/ကျောင်းသူများအား စာဖတ်ဝိုင်းကျင်းပပြုလုပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မွန်းလွဲပိုင်းတွင်လည်း စာရေးဆရာ အကြီးကိုကို(ကသာ)က စာပေဟောပြောခြင်းနှင့် အခြေခံပညာ ကျောင်းသား/ကျောင်းသူများ ပါဝင်သော စာပေစကားဝိုင်းများကို ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်