ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများအား လိုက်လံကြည့်ရှုအားပေးပြီး မျိုးနွယ်စုအလိုက် မိသဟာရအမျိုးသမီးဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့တက်ရောက်

မြစ်ကြီးနား နိုဝင်ဘာ ၂၁

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်အနေဖြင့် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိရေး စခန်းသွင်းလေ့ကျင့်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ အားကစားခန်းမနှင့် အားကစားရုံများတွင် လေ့ကျင့်ပြင်ဆင်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပံ့ပိုးထောက်ပံ့မှုများနှင့် ညှိနှိုင်းပေါင်းစပ်မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ မြန်မာ့ရိုးရာသိုင်းဆပ်ကော်မတီမှ နည်းပြများက လက်ရွေးစင်ကစားသမားများအား စခန်းသွင်းလေ့ကျင့်နေမှုနှင့် မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့၏ လေ့ကျင့်နေမှုများကိုလည်းကောင်း၊ အားကစားရုံများ၌ လက်ဝှေ့ဆပ်ကော်မတီ နည်းပြများက လက်ရွေးစင်များအား စခန်းသွင်းလေ့ကျင့်ပြင်ဆင်နေမှုကိုလည်းကောင်း၊ ကရာတေးဒိုအားကစားရုံ၌ ဆပ်ကော်မတီနည်းပြများက လေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ တိုက်ကွမ်ဒိုအားကစားရုံ၌ လက်ရွေးစင်ကစားသမားများအား စခန်းသွင်းလေ့ကျင့်ပြင်ဆင်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်းအလိုက် အမှတ်ပေးစည်းမျဉ်း/ စည်းကမ်းနှင့်အညီ ရွှေတံဆိပ်ဆုရရှိရေးကို ရည်မှန်းချက်ထား၍ စနစ်တကျလေ့ကျင့်ပြင်ဆင်ကြရေး၊ စခန်းသွင်းကာလအတွင်း အာဟာရပြည့်ဝစွာ နေထိုင်စားသောက်နိုင်ရေး၊ လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ထပ်မံဖြည့်ဆည်းပေးနိုင်ရေးဆပ်ကော်မတီတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ အားကစားအသင်းများအတွက် ပြိုင်ပွဲဝင်အားကစားဝတ်စုံများ၊ ထောက်ပံ့ချီးမြှင့်ငွေများနှင့် အားကစားနည်းအလိုက် အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် သီတာရပ်ကွက်၊ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်း အားကစားရုံများသို့ သွားရောက်ပြီး ဘောလီဘောအားကစားရုံ၌ လက်ရွေးစင်အမျိုးသား/ အမျိုးသမီးအသင်းများအား စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် ကြက်တောင်အားကစားရုံ၌လည်းကောင်း၊ ပိုက်ကျော်ခြင်းအားကစားရုံ၌လည်းကောင်း လက်ရွေးစင်ကစားသမားများအား စခန်းသွင်းလေ့ကျင်ယှဉ်ပြိုင်ကစားနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားဝတ်စုံများ၊ ထောက်ပံ့ချီးမြှင့်ငွေများနှင့် အားကစားနည်းအလိုက် အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆပ်ကော်မတီအသီးသီးမှ အုပ်ချုပ်သူ/ နည်းပြများ လိုအပ်ချက်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ အဆိုပါ အားကစားရပ်ဝန်းအတွင်း ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ(WHG) လူငယ်ဌာနက ကြီးမှူးကျင်းပသော တတိယအကြိမ် မျိုးနွယ်စုအလိုက် မိသဟာရ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ကချင်တိုင်းရင်းသားမျိုးနွယ်စု (၆)မျိုးမှ အသင်း(၆)သင်းပတ်လည် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် ဂျိမ်းဖောအသင်းနှင့် ရဝမ်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုကို ဒေသခံများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ ရဝမ်အသင်းက ၉ ဂိုး ၅ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ WHG ဥက္ကဋ္ဌ ဦးဇော်မိုးနော်က ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့ကြသော လူပုဂ္ဂိုလ်အဖွဲ့များအား ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာများကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်တို့က ပြိုင်ပွဲတစ်လျှောက် နေရာအလိုက် အကောင်းဆုံးဆုများ၊ ဒုတိယဆုရအသင်းအတွက် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပထမဆုရ အသင်းအတွက် WHG ဥက္ကဋ္ဌက တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်