ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များ ဖွံ့ဖြိုးတိုးတက်စေရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လမ်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား နိုဝင်ဘာ ၂၀

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြများ သန့်ရှင်းသာယာလှပပြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဘဏ္ဍာနှစ်အလိုက် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့သည် ယမန်နေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးများသည် ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ အရာထမ်း/ အမှုထမ်းများ၊ တာဝန်ရှိသူများနှင့် ဝိုင်းမော်မြို့သို့ သွားရောက်ခဲ့ကြပြီး အများပြည်သူတင်ပြချက်အရ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ပြတောင်းခံဆောင်ရွက်သွားမည့် ဝိုင်းမော်မြို့၊ အမှတ်(၄) အတွင်းရှိ မလိခလမ်း အရှည် ၂၉၀ ပေအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခင်းကျင်းဆောင် ရွက်ပေးနိုင်ရေး၊ အမှတ်(၅)ရပ်ကွက်အတွင်းရှိ လမ်းသွယ် ၁၈ နှင့် လမ်းသွယ် ၂၀ ကြားလမ်း အရှည် (၅၅၂) ပေအား ကွန်ကရစ်လမ်းသစ်ခင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးနှင့် အမှတ် (၃)ရပ်ကွက် ယုဇနလမ်းအရှည် (၅၃၀)ပေအား အမာခံကျောက်ချောလမ်းခင်းကျင်းပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြပြီး လမ်းလုပ်ငန်းများအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လမ်းနယ်သတ်မှတ်၍ သတ်မှတ် အကျယ်အဝန်းပြည့်မီအောင် ဆောင်ရွက်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြ သည်။

ထို့နောက် မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိပြီး ပြည်နယ်ဝန်ကြီးများသည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အတွင်းရှိ ဓမ္မပါလဘုန်းကြီးကျောင်းရွာလယ်လမ်းမကြီးအား ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး အောင်နန်းရပ်ကွက်၊ အောင်သုတလမ်း အရှည်ပေ (၉၅၀)ပေအား အဆင့်မြင့်တင် ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေး၊ ခေမာ သီရိရပ်ကွက်၊ လမ်းသွယ်(၁၃)နှင့် အနော်ရထာလမ်းသွား ဆက်စပ်လမ်းအား လမ်းပေါက်ဖာထေးခြင်း လုပ်ငန်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ရွှေပြည်သာ (ရွှေအိုက်)ရပ်ကွက်အတွင်းရှိ စိမ်းလန်း မြေသွားလမ်း (ရေမြောင်းဘေးလမ်း) ကွန်ကရစ်လမ်းသစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လမ်းလုပ်ငန်းများကို စနစ်တကျ ကွင်းဆင်းတိုင်းတာစစ်ဆေး၍ ပြန်လည်တင်ပြနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)