မြစ်ကြီးနား အောက်တိုဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီတွင် ကျင်းပပြုလုပ်ခဲ့သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်မသိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် စတုတ္ထဆုရရှိခဲ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် လုပ်ငန်းစွမ်းဆောင်ရည်ဆုရရှိခဲ့သော ဌာနဆိုင်ရာအဖွဲ့အစည်းများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မိမိတို့ကချင်ပြည်နယ်အတွက် ဘက်စုံ၊ ကဏ္ဍစုံမှ အောင်မြင်အောင်ကြိုးစားဆောင်ရွက်ပေးကြသည့် ကျေးဇူးတင်ထိုက်သူ လူပုဂ္ဂိုလ်အဖွဲ့အစည်းများအားလုံးကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ကိုယ်စားအထူးပင် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယခုလိုပြည်နယ်အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိခဲ့သည့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအားလုံးကို အထူးပင်မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် စတုတ္ထဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည့် ပြည်နယ်ကိုယ်စားပြု မနောမြေ ရက်ကန်းစင်တော်ပြိုင်ပွဲဝင်အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းဆောင်ရည် ပထမဆုနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်မှုတွင် ဒုတိယဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည့် ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၅ သိန်းကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်က ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးတိုးဖြင့် ဧရာဝတီတိုင်းဒေသကြီးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ကချင်ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးအား ဂုဏ်ပြုနှုတ်ဆက်ခဲ့ရာ ပြည်နယ်ပညာရေးမှူးက ဂုဏ်ပြုချီးမြှင့်မှုများအားလုံးအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်