မြစ်ကြီးနား နိုဝင်ဘာ ၁၉
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပါင်းပြီး ကချင်ပြည်နယ်ဥပဒေချုပ်ရုံး မှ ကြီးမှူး၍ အခြေခံပညာဌာနမှ Grade-11 နှင့် Grade-12 ဆရာ/ ဆရာမများအား ဥပဒေအသိ ပညာပြန့်ပွားရေး ဆရာအဖြစ်သင်တန်း (Training of Trainer) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေပညာသည် လူတိုင်းနှင့်သက်ဆိုင်သည့် ပညာရပ်တစ်ခုဖြစ်သည့်အတွက် လူတိုင်းလေ့လာသင့်သော ပညာရပ်တစ်ခုပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ Grade-11 နှင့် Grade-12 အဆင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အသက် (၁၈)နှစ် ပြည့်ပြီးပါက အရွယ်ရောက်ပြီးသူ နိုင်ငံသားတစ်ဦး၏ ရရှိမည့်အခွင့်အရေးများနှင့် ထမ်းဆောင်ရမည့် တာဝန်များကို ကြိုတင်သိရှိထားရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အခြေခံပညာကို လေ့လာသင်ယူစဉ်ကတည်းကပင် ဥပဒေပညာအခြေခံများကို သိရှိနားလည်ထားရန်၊ ထို့အပြင် ယနေ့ ဆရာအဖြစ်သင်တန်းတက်ရောက်ကြမည့် ဆရာ၊ ဆရာမများအနေဖြင့် ဥပဒေပညာ၏ အခြေခံ သဘောတရားများကို ကောင်းမွန်စွာသိရှိနားလည်ပြီး ကျောင်းသား/ ကျောင်းသူများအား သိသင့်သိထိုက်သည့် ဥပဒေအသိပညာဗဟုသုတများကို ပြည့်စုံမှန်ကန်စွာ ရရှိစေနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း သင်ကြားပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များနှင့် သင်တန်းတွင် သင်ကြားပို့ချသွားမည့် ဥပဒေအသိပညာရပ်များနှင့် ဥပဒေချုပ်ရုံး ကြီးကြပ်မှု အောက်ရှိ ဥပဒေရုံးများမှ ဥပဒေအရာရှိများက သင်ကြားပို့ချသွားမည့် အစီအမံများ၊ သက်ဆိုင်ရာ ခရိုင်များအလိုက် ဖွင့်လှစ်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက သင်တန်းသား/သင်တန်းသူများနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြသည်။
အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေး ဆရာအဖြစ်သင်တန်း (Training of Trainer) သင်တန်းကို အခြေခံပညာကျောင်းများမှ Grade-11 နှင့် Grade-12 ဆရာ/ ဆရာမ (၈၀)ဦးတို့အား (၁၈-၁၁-၂၀၂၄)ရက်နေ့မှ (၂၉-၁၁-၂၀၂၄)ရက်နေ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများကို ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင် အောင်နိုင်ရေးအတွက် အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အနေဖြင့် လာမည့်အမျိုးသားအားကစားပွဲတော်တွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိပြီး ပြည်နယ်ဂုဏ်ဆောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရန်နှင့် လိုအပ်ချက်များအပေါ် အချင်းချင်းပေါင်းစပ်ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရေး၊ ပိုမိုဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး၊ ပြိုင်ပွဲတိုင်းကို အလေးအနက်ထားယှဉ်ပြိုင်ပြီး ဆုတံဆိပ်များစွာ ဆွတ်ခူးရယူနိုင်ရေး အရှိန်အဟုန်မပျက် ကြိုးစားကြရမည်ဖြစ်သကဲ့သို့ တာဝန်ယူကြီးကြပ်ကြမည့် အုပ်ချုပ်သူ/ နည်းပြများအနေဖြင့် လည်း အားကစားသမားများအား ခိုင်မာသောစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်စေပြီး ပြည်နယ်ဂုဏ်ကို မြှင့်တင်အောင်မြင်စေရေး အနီးကပ်ကြပ်မတ်ဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်းမှာကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင် အောင်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အားကစားနည်းအလိုက် လိုအပ်ချက်များအပေါ် အုပ်ချုပ်မှုနှင့် ထောက်ပံ့မှုများအတွက် ဆပ်ကော်မတီအသီးသီးနှင့် ချိတ်ဆက်ပေါင်းစပ်၍ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်း (၂၁)နည်း၌ ကချင်ပြည်နယ်မှ နည်းပြ/ အုပ်ချုပ်သူ၊ အားကစားသမား (၃၈၀) ကျော်တို့အား စနစ်တကျစုဖွဲ့၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပါဝါပွိုင့်ဖြင့်လည်းကောင်း၊ အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ အားကစားနည်းအလိုက် ဆုတံဆိပ်ရရှိရေး ရည်မှန်းချက်ထား ကြိုတင်စခန်းသွင်း လေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်းအလိုက် အောင်မြင်မှုရရှိရေး ရည်မှန်းချက်ထား ကြိုးစားယှဉ်ပြိုင်နိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)