မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သီးထပ်သီးညှပ်နှင့် ဆီထွက်သီးနှံအတွက် စိုက်ပျိုးရေရရှိရေး မိုဘိုင်းဆိုလာနှင့် ဆိုလာပန့်များ တပ်ဆင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

မိုးညှင်း နို၀င်ဘာ ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် သီးထပ်သီးညှပ်နှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိရန် (၄)လက်မ PVC ပိုက် ပေ (၁၂၀)ရှိ တွင်းတိမ်နှစ်တွင်း၊ မိုဘိုင်းဆိုလာနှင့် ဆိုလာပန့်များ တစ်စုံစီ ရာနှုန်းပြည့်တပ်ဆင်ပြီးစီးနေမှု အခြေအနေများကို လယ်မှီးကျေးရွာနှင့် ကျွန်းပင်သာကျေးရွာ နှစ်ရွာတို့တွင် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးကြရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ဆိုလာ စိုက်ပျိုးရေရရှိရေး ကျေးရွာလုပ်ငန်းကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးကြရာ တာဝန်ရှိသူများက မိုဘိုင်းဆိုလာနှင့် ဆိုလာပန့်များအား ရေရှည်တည်တံ့ခိုင်မြဲ သုံးစွဲနိုင်စေရန် အတွက် ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာပြည်သူများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်၊ စိုက်ပျိုးရေးရရှိပြီဖြစ်၍ ယခင်နှစ်များထက် တောင်သူများအား ဆီထွက်သီးနှံအပါအဝင် အခြားဆောင်းသီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်းနှင့် စိုက်ပျိုးရန်နည်းစနစ်များ လိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ချိတ်ဆက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ 

အဆိုပါ ဆိုလာစိုက်ပျိုးရေရရှိရေးအတွက် လယ်မှီးကျေးရွာနှင့် ကျွန်းပင်သာကျေးရွာတို့တွင် သီးထပ်သီးညှပ်နှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ၎င်းစိုက်ဧကပေါ်၌ Future Proof ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် (၄)လက်မ PVC ပိုက် ပေ(၁၂၀)ရှိ တွင်းတိမ် နှစ်တွင်းစီ တူးဖော်ထားရှိခြင်းနှင့် မိုဘိုင်းဆိုလာနှင့် ဆိုလာပန့်တစ်စုံစီ တပ်ဆင်ထားခြင်းလုပ်ငန်းများကို ယခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေကျပ် (၄၀)ဒဿမ (၆၄၃)သန်းဖြင့် ဩဂုတ်လတတိယပတ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာနေတောင်သူများအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း