မြစ်ကြီးနားနိုဝင်ဘာ ၁၇
ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၁ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့များတွင် ဧရာဝတီမြစ်အထက်ပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စံချိန်တင်မြစ်ရေ ကြီးမြင့်မှု ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူများအား စဉ်ဆက်မပြတ် ထောက်ပံ့ပေးခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါရေဘေးသင့် ပြည်သူများအနက် ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုအတွင်းမှ ကျန်ရှိသည့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရေဘေးသင့်ပြည်သူများအား မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့ရသော အိမ်ထောင်စုများ ကျန်ရှိမှုမရှိစေရေး စနစ်တကျ စိစစ်၍ ပထမအကြိမ်၊ ဒုတိယအကြိမ်စသဖြင့် ထောက်ပံ့မှုများကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ကျန်ရှိနေသေးသော နောင်ချိန်းကျေးရွာမှ အိမ်ထောင်စုများအားတတ်နိုင်သလောက် အထောက်ပံ့ဖြစ်အောင် ပံ့ပိုးကူညီနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စုများအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ မိသားစု စားဝတ်နေရေး အဆင်ပြေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လိုအပ်ချက်များ၊ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုပါကြောင်း တိုက်တွန်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ဝိုင်းမော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအနက်ကျန်ရှိသော နောင်ချိန်းကျေးရွာအုပ်စု၊ ခမ်းဘူ၊ သဲဝိုင်၊ အင်ဂမ်း၊ မလိယန်ကျေးရွာများမှ အိမ်ထောင်စု (၂၈၃) စု၊ လူဦးရေ (၁၃၆၆) ဦးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့က စုစုပေါင်းငွေကျပ် (၁၀၆၅၀၀၀၀) တန်ဖိုးရှိ အိမ်ထောင်စု (၁)စုလျှင် ဆန် (၁၂)ပြည်နှုန်းဖြင့် ဆန်အိတ်ပေါင်း (၁၄၂)အိတ်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး က ထောက်ပံ့ပေးအပ်သည့် ကယ်ဆယ်ပစ္စည်း (၁၆)မျိုးပါဝင်သည့် Kit ပုံး (၂၈၃)စုအတွက် အိမ် ထောင်စု (၃)စုလျှင် (၁)ပုံးနှုန်းဖြင့် စုစုပေါင်း Kit ပုံး (၉၅)ပုံးကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရေကြီးရေလျှံမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် အမြင့်ဆုံးမြစ်ရေမြင့်တက်မှုမှ ကာကွယ်ထားနိုင်ရေး ကမ်းထိန်းနံရံ၊ ရေကာတာနှင့် အဓိကရေဝင်ပေါက်နေရာများတွင် ရေထိန်းတံခါးများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ အဓိကရေဝင်ပေါက်နေရာတစ်ခုဖြစ်သည့် အင်ဂျန်းခချောင်းနှင့် ဧရာဝတီမြစ်ဆုံသည့်နေရာတွင် ရေထိန်းတံခါး တည်ဆောက်နိုင်ရေးအတွက် ချောင်းဧရိယာရှင်းလင်းနိုင်ရေး၊ ချောင်းဧရိယာအတွင်း ကျူးကျော်ထားသည့် ခြံဝင်းများနှင့် စိုက်ပျိုးထားရှိမှုများအား ရှင်းလင်းနိုင်ရေးတာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်ဂျန်းချောင်းဝမှ မနောကွင်းရှေ့ သဲသောင်ခုံပေါ်တွင် အများပြည်သူအပန်းဖြေအနားယူနိုင်သည့်နေရာတစ်ခုဖြစ်လာစေရေး၊ မြစ်ကမ်း ဘေးပန်းခြံတည်ထောင်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါနေရာမှ စီတာပူရပ်ကွက် ကျောက်စိမ်းလမ်းအထိ မြစ်ကမ်းပါးတစ်လျှောက် ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ကမ်းထိန်းနံရံ၊ ရေတားတမံ တည်ဆောက်သွားမည့်နေရာများတွင် နေအိမ်နှင့်ဆိုင်ခန်းများ ကျူးကျော်ဆောက်လုပ်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မြစ်ဧရိယာနှင့်မလွတ်သည့်နေရာများအား ဥပဒေနှင့်အညီ ကြိုတင်အသိပေး ရှင်းလင်းဖယ်ရှားနိုင်ရေးနှင့် သဲသောင်ခုံပေါ်တွင် ဆီထွက်သီးနှံ ဆီမုန်ညှင်း၊ နေကြာနှင့်ပန်းနှမ်းများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အများပြည်သူအား ရေကြီးရေလျှံမှုမှ ကာကွယ်သွားမည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ သိရှိနားလည်စေရေး ရှင်းလင်းဆွေးနွေးပွဲ ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်