ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်၊ တန်ဆောင်တိုင်ပွဲတော်အား ကျင်းပပြုလုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား နိုဝင်ဘာ ၁၆

၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဖလား တတိယအကြိမ်မြောက် ဒေသတွင်းရှိ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများအားလုံးပါဝင်သည့် တိုင်းရင်းသားမျိုး နွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို တိုင်းရင်းသား မျိုးနွယ်စုများက တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဒေသခံတိုင်းရင်းသားမျိုးနွယ်စု ခေါင်းဆောင်များ၊ ဘောလုံးချစ်ပရိတ်များ၏ တစ်ခဲနက်အားပေးမှုနှင့်အတူ ဗိုလ်လုပွဲစဉ်အဖြစ် လော်ဝေါ်မျိုးနွယ်စုဘောလုံးအသင်းနှင့် ဇိုင်းဝါးမျိုးနွယ်စုဘောလုံးအသင်းတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြ ရာ လော်ဝေါ်အသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဖျော်ဖြေရေးအစီအစဉ်တွင် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသော တိုင်းရင်းသားမျိုးနွယ်စုအကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသော လူပုဂ္ဂိုလ်အဖွဲ့အစည်း များနှင့်တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ဗိုလ်လုပွဲတွင် အကောင်းဆုံးကစားဆုရ ဘောလုံးကစားသမားအား လည်းကောင်း၊ ပြိုင်ပွဲတစ်လျှောက် နေရာအလိုက် အကောင်းဆုံးကစားသမားဆုရရှိသူများအား လည်းကောင်း၊ အသန့်ရှင်းဆုံးအသင်းဆုရရှိသူများအားလည်းကောင်း၊ ပူးတွဲ တတိယဆုရ ဗမာအမျိုးသားအသင်းနှင့် လီဆူမျိုးနွယ်စုအသင်းတို့အားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရ ဇိုင်းဝါးမျိုးနွယ်စု အသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ပထမဆုရ လော်ဝေါ်မျိုးနွယ်စုအသင်းအတွက် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုအတွက် ပထမတံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းပါး သဲသောင်ခုံတစ်လျှောက် သန့်ရှင်းသာယာလှပပြီး အများပြည်သူအပန်းဖြေနိုင်ရေးနှင့် တန်ဆောင်နိုင်ပွဲတော် ဆီမီးထွန်းညှိပူဇော်ခြင်း၊ ရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော်ကြီးအား ဆီမီး (၂၀၀၀၀)အတူ ရေမျှောပူဇော် ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် နိုဝင်ဘာ ၁၅ ရက် နံနက် ၇ နာရီခွဲက ဧရာရပ်ကွက်၊ လောကမာန်အောင် ဆုတောင်းပြည့်စေတီတော် မြစ်ဆိပ်၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြစ်ဆိပ်ဆင်းလမ်းတစ်လျှောက် သစ်ပင်နှင့် ထိုင်ခုံများ နေရာချထားခြင်း၊ မီးတိုင်များ စိုက်ထူခြင်းနှင့် ရောင်စုံမီးများ တပ်ဆင်ခြင်း၊ အများပြည်သူ ဆီမီးမျှောပူဇော်မည့် မြစ်ကမ်းဘေး၌ အန္တရာယ်ကင်းရှင်းရေးအတွက် သန့်ရှင်းရေးလုပ်ငန်းနှင့် အဆင်းလမ်းများ ပြေပြစ်ချောမွေ့အောင် ဖောက်လုပ်လုပ်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ရေမျှောပူဇော်သွားမည့် ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်တွင် ကြိုတင်ပြင်ဆင်ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တန်ဆောင်တိုင်ပွဲတော် ဆီမီးမျှောခြင်းနှင့် ဖောင်တော်ရေမျှောပူဇော်ခြင်းတို့ကို အချိန်ကိုက်ဆောင်ရွက်နိုင်ရေး၊ ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ကုသိုလ်ဒါနပြု ပူးပေါင်းပါဝင်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်၌ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) တန်ဆောင်ပွဲတော်အတွက် ဖွင့်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စေတီတော်မြတ်ကြီးအား လာရောက်ဖူးမျှော်ကုသိုလ်ကောင်းမှုပြုသူများ၊ လည်ပတ်ပျော်ရွှင်လေ့လာသူများ၊ ဈေးဆိုင်ခန်းငယ်များဖြင့် စည်ကားသိုက်မြိုက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် (ရှမ်းရွာ) ဘုန်းတော်ကြီးကျောင်း၌ ပြည်နယ်ဥပဒေချုပ်နှင့်တိုင်းရင်းသားမျိုးနွယ်စုများ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်သို့ တက်ရောက်ပြီး ရှမ်းတိုင်းရင်းမျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ ပျော်ရွှင်စွာ ကုသိုလ်ကောင်းမှုပြုလှူဒါန်းပွဲအား အကအလှများဖြင့် ဆင်နွှဲကျင်းပနေမှုကို အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြပြီး၊ အလားတူ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်အတွင်းရှိ သုဝဏ္ဍဗေဓိရွှေညောင်ပင် ကျောင်းတိုက်၌လည်း ဈေးသူ/ ဈေးသားများ (၆၇) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်အား စည်ကားစွာ ကျင်းပပြုလုပ်နေမှုများကို ပါဝင်ဆင်နွှဲ၍ ကောင်းမှုကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)