မြစ်ကြီးနား နိုဝင်ဘာ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာ့တို့၏ရိုးရာအစဉ်အလာနှင့်အညီ တန်ဆောင်ပွဲတော်တွင် ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကထိန်ပွဲတော်များဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေတွင် မြစ်ကြီးနားမြို့ရှိ လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်၌ ဘုရားဖူးလာရောက်ကြသူများ၊ ပရိတ်၊ပဌာန်းရွတ်ဖတ်ပူဇော်သူများ၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်း စသည့် ကုသိုလ်ဒါနပြုကြသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် ဈေးဆိုင်ခန်းငယ်များတွင် မြန်မာ့ရိုးရာအစားအစာများ ရောင်းချနေမှုဖြင့် အထူး စည်ကားများပြားလျက်ရှိသည်။
အလားတူ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင်လည်း ကထိန်သင်္ကန်းကပ်လှူသူများ၊ ကထိန်ခင်းသူများ၊ ဥပုတ်သီလစောင့်တည်ကြသူများ ဒါနပြုကုသိုလ်ကောင်းမှုပြုကြလျက်ရှိသည့်အပြင် ဘုန်းတော်ကြီးကျောင်းများတွင် ကထိန်ပွဲတော်အား ရှမ်းတိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများ၊ စင်တင်တေးဂီတဖြင့် ဖျော်ဖြေတင်ဆက်မှုများဖြင့် အေးချမ်းပျော်ရွှင်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။
အလားတူ ကချင်ပြည်နယ်အစိုးရအဖွဲ့ကလည်း တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါနေ့) ညနေပိုင်းတွင် တန်ဆောင်ပွဲတော်အား လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း၊ ဆီမီးထွန်းညှိပူဇော်ခြင်း၊ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့အပြင် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးဖောင်တော်အား ဆီမီး (၂၀၀၀၀) ထွန်းညှိရေမျှောပူဇော်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မင်းရပ်ပြည်သူ့ရင်ပြင်၌လည်း စင်တင်တေးဂီတဖြင့် အများပြည်သူများ ပျော်ရွှင်စွာ အနားယူဆင်နွှဲနိုင်ရေး စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)