မြစ်ကြီးနား နိုဝင်ဘာ ၁၆
၂၀၂၄ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)၌ နှစ်စဉ်မြန်မာတို့၏ ရိုးရာဓလေ့ထုံးစံနှင့်အညီ ကုသိုလ်ကောင်းမှုပြုခြင်း၊ ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပပြုလုပ်လေ့ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ယနေ့ညနေ ၅ နာရီက တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဆီမီးထွန်းညှိပူဇော်ခြင်း၊ ရှင်ဥပဂုတ္တမထေရ်ဖောင်အား ဆီမီး(၂၀၀၀၀)ဖြင့် ရေမျှောပူဇော်ပွဲဖြင့် ယခင်နှစ်များနှင့်မတူ အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင်လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်၌ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ကြပြီး ဘုရားဖူးလာရောက်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ ဈေးဆိုင်ခန်းငယ်များဖြင့် အထူးစည်ကားလျက်ရှိသည့်အပြင် ဧရာဝတီမြစ်ဆိပ်၌လည်း ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးဖောင်တော်အား ဆီမီး(၂၀၀၀၀)ထွန်းညှိပူဇော်လျက် ရေမျှောပူဇော်ခြင်းကို ဒေသခံပြည်သူအများအပြား ပါဝင်ဆင်နွှဲ၍ ကောင်းမှုကုသိုလ်ပြုခဲ့ကြသည်။
ထို့အပြင် ညပိုင်းတွင်လည်း ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းဆုံရှိ ဧရာဝတီမြစ်ကမ်းပါး၌ တန်ဆောင်တိုင်ပွဲတော်ကို ဒေသခံဌာနေတိုင်းရင်းသားများဖြစ်ကြသည့် ကချင်မျိုးနွယ်စု၊ ရှမ်းမျိုးစုနှင့် ဗမာတိုင်းရင်းသား ရိုးရာအကအလှများဖြင့် ကျင်းပပြုလုပ်လျက်ရှိသည့်အပြင် မြစ်ကြီးနားမြို့ မင်းရပ်ပြည်သူ့ရင်ပြင်နှင့် ဧရာဦးပန်းခြံတို့တွင်လည်း ရောင်စုံမီးအလှများ ထွန်းညှိပူဇော်ထားရှိပြီး ပြည်သူ့ရင်ပြင်၌ ဒေသခံတိုင်းရင်းသားအဆိုရှင်များ၏ စင်တင်တေးဂီတအစီအစဉ်ဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်