မိုးညှင်း နို၀င်ဘာ ၁၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် သီးထပ်သီးညှပ်နှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိရန် (၄) လက်မ PVC ပိုက် ပေ (၁၂၀) ရှိ တွင်းတိမ် သုံးတွင်း၊ မိုဘိုင်းဆိုလာနှင့် ဆိုလာပန့် နှစ်စုံ တပ်ဆင်ခြင်းလုပ်ငန်းအား ရာနှုန်းပြည့် တပ်ဆင်ပြီးစီးနေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးကြရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ဆိုလာစိုက်ပျိုးရေရရှိရေး ကျေးရွာ လုပ်ငန်းကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးကြရာ တာဝန်ရှိသူများက မိုဘိုင်းဆိုလာနှင့် ဆိုလာပန့်များအား ရေရှည်တည်တံ့ခိုင်မြဲသုံးစွဲနိုင်စေရန်အတွက် ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာပြည်သူများအား ပိုင်ရှင်စိတ်ဓာတ်ထားရှိပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်စေရန်နှင့် ၎င်းဆိုလာနှင့်ပန့်တွင် ပါရှိသောအသုံးပြုနည်း လမ်းညွှန်ချက်များအတိုင်း တိကျမှန်ကန်စွာ လိုက်နာဆောင်ရွက်သွားစေရန် စသည်တို့ကို တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့်အတူ ကျေးရွာကော်မတီဝင်များက ဆိုလာစိုက်ပျိုးရေရရှိရေးအတွက် နန့်လှိုင်ကျေးရွာ စိုက်ကွင်းအမှတ် (၂၉၅-ခ) တွင် (၄) လက်မ PVC ပိုက် ပေ (၁၂၀) ရှိ တွင်းတိမ် သုံးတွင်း တူးဖော်ထားရှိခြင်းနှင့် မိုဘိုင်းဆိုလာနှင့် ဆိုလာပန့် နှစ်စုံ တပ်ဆင်ထားခြင်း လုပ်ငန်းများကို ယခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေကျပ် (၃၀) ဒဿမ (၇၅၅) သန်းဖြင့် ဩဂုတ်လ ဒုတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် အဆိုပါ လုပ်ငန်းပြီးစီးသွားပါက ကျေးရွာနေပြည်သူ အိမ်ထောင်စု (၈၆) စု၊ လူဦးရေ (၄၂၇) ဦးနှင့် စိုက်ပျိုးဧကပေါင်း (၃၅၀) ဧက အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ကျွန်းပင်သာကျေးရွာနှင့် လယ်မှီးကျေးရွာတို့တွင်လည်း ဆိုလာစိုက်ပျိုးရေရရှိရေး လုပ်ငန်းအတွက် (၄) လက်မ PVC ပိုက် ပေ (၁၂၀) ရှိ တွင်းတိမ် နှစ်တွင်းမိုဘိုင်းဆိုလာနှင့် ဆိုလာပန့် တစ်စုံစီ တပ်ဆင်ခြင်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း