မြစ်ကြီးနား အောက်တိုဘာ ၁၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းသီးထပ်စွမ်းအားတိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား) ကျောင်းဝင်းနှင့် ဗလမင်းထင်ဧက ၁၀၀ စံပြ မိုးစပါးစိုက်ခင်းအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)ကျောင်းဝင်းအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့် စနစ်ကျ စက်မှုလယ် ယာဧက (၁၇)ဧကအတွင်း စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ မိုးပဲပုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါ ပဲပုတ်စိုက်ခင်းအပြင် ကျန်ရှိသည့် ပန်းနှမ်း တစ်ဧကခွဲနှင့် ပိုက်ဆံလျော်(၃)ဧကခွဲ စုစုပေါင်းဧက(၂၀)လုံးတွင် ဆောင်းသီးထပ်အဖြစ် ပဲပုတ်ထပ်မံ စိုက်ပျိုးနိုင်ရေး၊ စိုက်ခင်းစိုက်ပျိုးရေအတွက် ပြည်နယ်ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်ပေးထားသည့် နန်းကွေ့ချောင်းရေအား ဆိုလာရေတင်စနစ်ဖြင့် လက်တံမြောင်းများမှတစ်ဆင့် ရေသွင်းစိုက်ပျိုးနိုင်ရေးအတွက် လက်တံမြောင်းရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရေး စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ကျောင်းအုပ်ကြီး၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အဆိုပါ ကျောင်းဝင်းအတွင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မွေးမြူရေးအသုံး ချသုတေသနသရုပ်ပြခြံသို့ သွားရောက်ပြီး ပြည်နယ်အတွင်း မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးနိုင်ရေးအတွက် နွားနှင့် ဆိတ်များအား ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆိုပါသုတေသနသရုပ်ပြခြံ၌ မေထုန်မဲ့မျိုးစပ် သားဖောက်ခြင်းလုပ်ငန်းနှင့် တောင်သူအသိပညာပေး သရုပ်ပြလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး မှာကြားခဲ့ပြီး နွားစာအဖြစ် တေကူယမ်မြက် (၄)ဧက စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဗလမင်းထင်ဧက ၁၀၀ တင်း ၁၀၀ မိုးစပါးစံပြစိုက်ခင်းသို့ သွားရောက်ခဲ့ကြပြီး စံပြစိုက်ခင်းအတွင်း ဆင်းဧကရီ -၃ မျိုးစပါးများ ရေကြီးနစ်မြှုပ်ခဲ့မှုအပေါ် အစားထိုး ထပ်မံစိုက်ပျိုးထားရှိမှုနှင့် စပါးနှံများဖြင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လာမည့်ဆောင်းရာသီတွင် လယ်သီးထပ် ဆောင်းသီးနှံအဖြစ် ဆီထွက်သီးနှံများကို ဗလမင်းထင်သွားလမ်းမှ ကျောက်စိမ်းလမ်းအထိ စိုက်ဧရိယာတိုးချဲ့ဆောင်ရွက်နိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေနှင့် သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး၊ ကျွဲနွားအန္တရာယ်အတွက် ခြံဝင်း တိုးချဲ့ကာရံပေးသွားမည့် အစီအစဉ်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများအား တောင်သူများနှင့် ညှိနှိုင်းစည်းရုံးဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်