ချီဖွေ စက်တင်ဘာ ၁၁
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရေး၊ ဉာဏ်ပညာမြင့်မား ရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူငယ်စကားဝိုင်းကို စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၉)နာရီခွဲတွင် ချီဖွေမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ချီဖွေမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမြင့်အေးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက ကျောင်းသား၊ ကျောင်းသူများသည် တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်များဖြစ်သည့်အတွက် မှန်ကန်သော အတွေးအခေါ်များ ရှိလာစေရန်၊ အနာဂတ်တွင် ပညာရည်ထူးချွန်ပြီး အကျင့်စာရိတ္တနှင့် စည်းကမ်းကောင်းမွန်သော လူတော်၊ လူကောင်းများ ဖြစ်လာ စေရန်၊ ထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်နှင့် အများရှေ့တွင် ရဲဝင့်စွာ ပြောဆိုဆွေးနွေးတတ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး လူငယ်နှင့် မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။
ယင်းနောက် Grade-10 မှ မောင်တိန့်ဇုန်းက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10 မှ မခေါင်နောက လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11မှ မချမ်လွေ့ခေါင်နန်းက လူငယ်နှင့် စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-11 မှ မဆောင်မျှော်က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သတ်၍ သိရှိလိုသည့် အကြောင်းအရာများအား ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ စာပေဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်အတွက် စာအုပ်စာစောင်များ ပြသပြီး၊ စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)