မြစ်ကြီးနား စက်တင်ဘာ ၁၁
ကချင်ပြည်နယ် မီးသတ်ဦးစီးဌာန၌ ပိုမိုတိုးတက် များပြားလာသည့် ခေတ်မီမီးငြှိမ်းသတ်ယာဉ်များနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ စနစ်တကျ အသုံးပြုထိန်းသိမ်းနိုင်ရေးအတွက် မီးသတ်ဦးစီး ဌာနရုံးဝင်းအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်ပေးခဲ့သော မော်တော်ယာဉ်များ ရပ်နားရန် နေရာ အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက အဆိုပါ ဦးစီးဌာနရုံး အဆောက်အဦသစ်ရှေ့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မော်တော်ယာဉ်များ ရပ်နားနေရာ အဆောက်အဦသစ် (၅၅ ပေ× ၃၇ ပေ) အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့နှင့် အဆောက်အဦအား တာဝန်ယူဆောက်လုပ်သည့် ကချင်အိုင်ဒေါကုမ္ပဏီ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် မီးသတ်ဦးစီးဌာနက ကြီးမှူး၍ မြို့ပေါ်ရပ်ကွက်များမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ ပါဝင်သည့် (၂)ပတ်ကြာ ဖွင့်လှစ် သင်ကြားသွားမည့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့သင်တန်းသည် မျက်မှောက်ခေတ်ကာလ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် မကြာခဏ ဖြစ်ပေါ်ကြုံတွေ့ရသည့်အတွက် ဘေးန္တရာယ်များကို ရှေ့တန်းကျကျ တုံ့ပြန်ရင်ဆိုင်ကြမည့် အသင်းအဖွဲ့များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြည့်ဝစေရေး၊ ခေတ်မီ အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းနိုင်ရေး၊ အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို လက်တွေ့လေ့ကျင့်သင်ကြားနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက မော်တော်ယာဉ်များ ရပ်နားရန် နေရာအဆောက်အဦသစ်အား တည်ဆောက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်စကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရုံးအတွင်း မြစ်ကြီးနားမြို့၏ မီးဘေး လုံခြုံရေးအတွက် တပ်ဖွဲ့ဝင်များက ၂၄ နာရီ အချိန်ပြည့် စောင့်ကြည့်လျက်ရှိသော Command and Control Center (C3)အတွင်း တပ်ဆင်အသုံးပြုလျက်ရှိသော Star Win ဂြိုလ်တုဆက်သွယ်ရေးစက် ဖြင့် အရေးပေါ်တုံ့ပြန်မှုစနစ်အတွက် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ဂြိုလ်တု Internet ဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စိုက်ပျိုးတောင်သူ၊ ကုန်သည်၊ စက်ပိုင်များအသင်းမှ ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်အေးချမ်းရေးအတွက် ဒေသတွင်း အဓိကစိုက်ပျိုးရေးထုတ်ကုန်များ တိုးတက် မြင့်မားစေရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ပြည်နယ် အတွင်းရှိ စက်မှုနှင့် စိုက်ပျိုးရေးထွက်ကုန်သီးနှံနှင့် ကုန်ချောပစ္စည်းများအား ကုန်စည်ဒိုင်အသင်း ဖွဲ့စည်း၍ ဥပဒေနှင့်အညီ လွတ်လပ်စွာ ရောင်းဝယ်ဖြန့်ဖြူးနိုင်ရေး၊ လုပ်ငန်းရှင်များနှင့် တောင်သူများ မျှတညီညွတ်စွာ ရောင်းဝယ်ဖောက်ကားနိုင်မှသာ ကုန်ဈေးနှုန်းတည်ငြိမ်ပြီး အဘက်ဘက်က အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ဝိုင်းဝန်းလက်တွဲဆွေးနွေးပြီး လက်တွေ့ ကျကျ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာ ကြားသည်။
ယင်းနောက် ကချင်ပြည်နယ် စိုက်ပျိုးတောင်သူ၊ ကုန်သည်၊ စက်ပိုင်များအသင်း ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးအေးလင်းက ကုန်စည်ဒိုင်အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ အတွင်းရေးမှူး ဒေါ်မေရီဖြိုးက ကုန်စည်ဒိုင်အသင်း ဖွဲ့စည်းဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပါဝါပွိုင့်ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ပြည်နယ် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဒေသတွင်း စိုက်ပျိုးရေးသီးနှံထုတ်ကုန် တိုးတက်မြင့်မားလာစေရေး၊ ထုတ်ကုန်သီးနှံများ ဈေးနှုန်းတိကျမှန်ကန် စွာသတ်မှတ်၍ ကုန်စည်ဒိုင်မှတစ်ဆင့် လက်လီ/ လက်ကား ဝယ်ယူဖြန့်ဖြူးရောင်းချနိုင်ရေး၊ သမာ သမတ်ရှိသော ကုန်စည်ရောင်းဝယ်မှုစနစ်ကို အထောက်အကူပြုနိုင်ရေး စသည်တို့နှင့် စပ်လျဉ်း၍ အသီးသီးအကြုံပြု သုံးသပ်ဆွေးနွေးတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်မြင့်မားရေး၊ ပြည်နယ်အတွင်း စားသုံးမှုလိုအပ်ချက်များအပေါ် အမှီအခိုကင်းစွာပံ့ပိုးပေး နိုင်ရေး၊ ဈေးကွက်ခိုင်မာပြီး ညီညွတ်မျှတသော ရောင်းဝယ်ဖောက်ကားမှု စနစ်ဖြစ်ထွန်းစေရေး၊ ကုန်စည်ဒိုင်အသင်းအား အောင်မြင်စွာ ဖွဲ့စည်းနိုင်ရေး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရေး စသည့်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)