ကချင်ပြည်နယ် e-Government ဦးဆောင်ကော်မတီက ကြီးမှူးဖွင့်လှစ်သော e-Government ဆိုင်ရာ အထောက်အကူပြု ကွန်ပျူတာအခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၁၁

ကချင်ပြည်နယ် e-Government ဦးဆောင်ကော်မတီက ကြီးမှူးဖွင့်လှစ်သော e-Govern-ment ဆိုင်ရာ အထောက်အကူပြု ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၂၄)နှင့် အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်နယ် e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ပြည်နယ်အတွင်း e-Government လုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ICT နည်းပညာ အသုံးပြုပြီး လုပ်ငန်းစဉ်များ ပြီးမြောက်မြန်ဆန်လာအောင် လုပ်နိုင်လာခြင်းဖြင့် မိမိတို့ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် e-Government လုပ်ငန်းသည် အားကောင်းလာသည်နှင့်အမျှ လုပ်ငန်းများ ပိုမိုလွယ်ကူ မြန်ဆန်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ e-Government ပိုမိုအကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အခြေခံစနစ်ဖြစ်သည့် ကွန်ပျူတာအသုံးပြုနည်းစနစ်ကို သိရှိနားလည်ရန် လိုအပ်သည့်အတွက် ဌာနဆိုင်ရာပေါင်းစုံကို အလှည့်ကျစနစ်ဖြင့် သင်တန်းများ ဖွင့်လှစ်ပေး ခြင်းဖြစ်ပြီး သင်တန်းမှ ကောင်းမွန်သည့် အရည်အသွေး၊ ရလာဒ်ကို ကောင်းတွေရရှိပြီး ရုံးဌာန လုပ်ငန်းများတွင်လည်းကောင်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု၊ ကြီးပွားမှု အထောက်အပံ့များဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက e-Government အထောက်အကူပြုရေးအတွက် သြဂုတ် ၂၆ ရက်နေ့မှ စက်တင်ဘာ ၆ ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်ပေးခဲ့သော ကွန်ပျူတာအခြေခံနှင့် အဆင့်ပညာသင်တန်းသားဦးရေ (၈၀)ဦးအနက်မှ ဘာသာရပ်အလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် သင်တန်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က သင်တန်း(၂)ခုမှ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား/ သင်တန်းသူများအတွက် သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းနိုင်စိုးက သင်တန်းနည်းပြအား အမှတ်တရလက်ဆောင်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)