မြစ်ကြီးနား စက်တင်ဘာ ၉
“အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန် လိုအပ်လို့ ဘာသာစကားစုံ ပညာရေးကို မြှင့်တင်ကြပါစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၈ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အခြေခံပညာလေ့ကျင့်ရေး အလယ်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “ဝ.ထ.က.လ.သ” သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်ယူမှုပတ်ဝန်းကျင် ချဲ့ထွင်နိုင်ရန်အတွက် စာတတ်မြောက်မှုသည် အဓိကအခရာဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းသည့် ဒေသများတွင် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းများ အပေါအဝင် လိုအပ်လျက်ရှိသည့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး အစီအစဉ်များကို ဖော်ဆောင်ရန်လည်း အရေးကြီးပါကြောင်း၊ ယနေ့နိုင်ငံတော်တွင် ကျင့်သုံးနေသည့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးသည် စာမတတ်သူ ပပျောက်ရေးကို ဦးတည်ခြင်းပင်ဖြစ်ပါကြောင်း၊ စာပေတတ်မှ အကောင်းအဆိုး၊ အကျိုးနှင့် အပြစ်တို့ကို ခွဲခြားသိမြင်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တစ်ဦးတစ်ယောက် စာမတတ်သူပပျောက်ရေးကို အားလုံးက ဝိုင်းဝန်းကူညီပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ၂၀၂၄ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ ပေးပို့လာသည့် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားပြီး ၂၀၂၄ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်၏ စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု ဗီဒီယိုကလစ်အား ဖွင့်လှစ်ပြသခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား/ ကျောင်းသူ (၁၈)ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ များကိုလည်းကောင်း၊ အခမ်းအနား ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ခဲ့သော ကျောင်းသား/ကျောင်းသူများအတွက် ချီးမြှင့်ငွေကျပ် ၅ သိန်းကိုလည်းကောင်း ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ခန်းမအတွင်း ဖွင့်လှစ်ပြသထားသည့် ပြခန်းငယ်အား ကျောင်းသား/ကျောင်းသူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် စက်တင်ဘာ ၇ ရက် မွန်းလွဲ ၃ နာရီကလည်း ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ တာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ငြိမ်းချမ်းသာယာ အားကစားရပ်ဝန်းအတွင်းရှိ ဖူဆယ်အား ကစားရုံသို့ သွားရောက်ပြီး YFT ကလပ်ပေါင်းစုံ မိုးရာသီအလွတ်တန်း အမျိုးသားဖူဆယ်ဘောလုံးပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ရှိန်း United အသင်းနှင့် အောင်မြင်သူအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ဖူဆယ်ဘောလုံးဝါသနာရှင် ပရိတ်သတ်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ဘောလုံးပြိုင်ပွဲအပြီး တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် YFT ဘောလုံး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ ဂုဏ်ပြုချီးမြှင့် ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ အားကစားရပ်ဝန်းအတွင်းရှိ သုံးထပ်အားကစားသမားများ နားနေဆောင် အပေါ်ဆုံးထပ်တွင် ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်း လေ့ကျင့်ဆောင်ရွက်လျက်ရှိသည့် ဂျူဒို အားကစားလေ့ကျင့်ရေးခန်းမ ဖွင့်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်ထားသည့် ဂျူဒိုအားကစားသမားများ၏ သရုပ်ပြလေ့ကျင့် ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးက ထောက်ပံ့ငွေများ ချီးမြှင့်ထောက်ပံ့ပေး အပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်ဘောလုံးကွင်းအတွင်း အမျိုးသားအားကစားပွဲတော်တွင် ပြေးခုန်ပစ်အားကစားပြိုင်ပွဲ ယှဉ်ပြိုင်နိုင်ရေး အားကစားသမား ရွေးချယ်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအားလည်းကောင်း၊ အခြေခံပညာကျောင်း ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် အခြေခံပညာအထက်တန်းကျောင်း (ရွှေစက်)နှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအား ပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)