ပွင့်ဖြူ နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ECCD – Network) တို့ ပူးပေါင်းပြီး (၃၁)နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် က ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရ ခြင်းနှင့် ပြိုင်ပွဲတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ECCD – Network) ဥက္ကဋ္ဌ ဦးခင်မောင်ဇော်က ကလေးငယ်များဘဝ စွမ်းဆောင်ရည်မြင့်မားရေး၊ စာပေအသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြို့နယ်ကလေး သူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို သတ်မှတ်ထားသော ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာလမ်းညွှန်ချက်များနှင့် အညီ ကျင်းပြုလုပ်ရာ ကဗျာရွတ်ဆိုပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ (၅)ဦး ၊ ပုံပြောပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ(၅)ဦး တို့က အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများက ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အသိပညာပေး မြေစိုက်ဘုတ်အား စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြသည်။
အလားတူ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် သနပ်ခါးလိမ်းခြယ်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ စနစ်တကျ လက်ဆေးနည်းပြိုင်ပွဲများကို ပွင့်ဖြူမြို့နယ် ယောစုကျေးရွာ ရောင်ခြည်သစ် လူထုစာကြည့်တိုက် အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်း(၅)ကျောင်းမှ ပြိုင်ပွဲဝင်(၂၅)ဦးအား တစ်ကြိမ်လျှင် (၅)ဦးနှုန်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို မြို့နယ်ကလေး သူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ECCD – Network)ဥက္ကဋ္ဌ ဦးခင်မောင်ဇော်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ပေးခဲ့ ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )