မြစ်ကြီးနား စက်တင်ဘာ ၅
ကချင်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကံပိုင်တည်နယ်စပ်မှတစ်ဆင့် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချရာတွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် Importer ကုမ္ပဏီများ၊ ဆီဆိုင်လုပ်ငန်းရှင်များနှင့် ယမန်နေ့ ညနေပိုင်းက လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စက်သုံးဆီတင်သွင်းဖြန့်ခြင်းခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က မိမိတို့အနေဖြင့် ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်နယ် ကော်မတီအနေဖြင့် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်သာ သတ်မှတ်ဆောင်ရွက်ပေးထားခြင်းဖြစ်သည့်အတွက် သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးကြရန် အသိပေးလိုပါကြောင်း၊ ဒါ့အပြင် ပြည်နယ်ကြီးကြပ်ရေး စစ်ဆေးရေးအရာရှိရုံး၌ စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းနှင့် ဆီတင်ယာဉ်များထိန်းသိမ်း မောင်းနှင်ခြင်း သင်တန်းကိုလည်း ဖွင့်လှစ်ပေးရန် စီစဉ်လျက်ရှိသည့်အတွက် မဖြစ်မနေတက်ရောက် ကြရေး တိုက်တွန်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ကုမ္ပဏီတာဝန်ရှိသူများက ရေနံနှင့်ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးနှင့်စပ်လျဉ်း၍ သယ်ဆောင်သည့် မော်တော်ယာဉ်၊ ရေယာဉ်နှင့်တွဲများအတွက် သယ်ယူလျှောက်ထားခြင်း၊ ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ PO တိုးမြှင့်ခြင်း၊ လုပ်ငန်းကိစ္စရပ်များနှင့် စက်တင်ဘာအတွက် ကုမ္ပဏီများက စက်သုံးဆီတင်သွင်းရန် တင်ပြတောင်းခံထားသော ခွဲတမ်းရရှိမှုအခြေအနေများ၊ ကုမ္ပဏီများမှ တင်ပြလာသည့် စက်သုံးဆီဝယ်ယူ သည့် စာချုပ်ဈေးနှုန်းများအပေါ် အခြေခံသည့် ရည်ညွှန်းဈေးတွက်ချက်သတ်မှတ်ပေးခြင်းတို့ကို အပြန်အလှန်ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)