ဗန်းမော် စက်တင်ဘာ ၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ခရိုင်/မြို့နယ်စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မြညီလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဗန်းမော်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က သန်းခေါင်စာရင်း၏ အရည်အသွေးကောင်းမွန်စေရန် စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသဖြင့် စာရင်းစစ်၊ စာရင်းကောက်များ ရွေးချယ်ခန့်ထားရေးကိုလည်း အလေးထားဆောင်ရွက်ကြရေး၊ နယ်မြေဒေသအလိုက် အမှန်တကယ် စာရင်းကောက်ယူရန် အရည်အချင်းပြည့်မှီသူများကို ရွေးချယ်နိုင်ရေး၊ ရွေးချယ်ခန့်ထားရာတွင်လည်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ သတ်မှတ်ချက်များအပြင် သန်းခေါင်စာရင်းကို အဖျက် အမှောင့်လုပ်မည့်သူများ မပါစေရေး လုံခြုံရေးအမြင်နှင့် မြေပြင်အခြေအနေတို့ကိုလည်း ထည့်သွင်းစဉ်းစားကြရေးနှင့် သင်တန်းသား/သူများအနေဖြင့် သင်တန်းတွင် ပို့ချသည့် သန်းခေါင်စာရင်းဆိုင်ရာ ဘာသာရပ်နှင့် Mobile Tablet အသုံးပြုသည့် နည်းပညာများကို ကြိုးစားလေ့လာသင်ကြားရေး တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဘုန်းမော်မိုးမှ ၂၀၂၄ ခုနှစ် လူဦးရေးနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့အထိ CAIP (Computer Assisted Personal Interview)စနစ် ထည့်သွင်းထားသည့် Mobile Tablet များဖြင့် နိုင်ငံတစ်ဝှမ်း ကောက်ယူသွားမည့် ကိစ္စရပ်များနှင့် ပက်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို မြစ်ကြီးနားမြို့၌ ဖွင့်လှစ်သည့် ပြည်နယ်အဆင့် စာရင်းစစ်၊ စာရင်း ကောက်သင်တန်းတွင် တက်ရောက်ခဲ့သည့် သင်တန်းဆရာ/ ဆရာမများက ခရိုင်နည်းပြအဖြစ် သင်တန်းသား/သူ(၆)ဦးတို့အား (၃-၉-၂၀၂၄) ရက်နေ့မှ(၁၄-၉-၂၀၂၄) ရက်နေ့အထိ (၁၀) ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းသား(၆)ဦးမှတစ်ဆင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကိုလည်း သင်တန်းသား/သူ (၅၅)ဦးတို့ဖြင့် (၁၇-၉-၂၀၂၄)ရက်နေ့မှ (၂၈-၉-၂၀၂၄) ရက်နေ့အထိ (၁၀) ရက် တစ်ဆက်တစ်စပ်တည်း ထပ်မံ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)