မြစ်ကြီးနား သြဂုတ် ၃၀
ဥပဒေရေးရာဝန်ကြီးဌာန၏ (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ(၃)ရပ်လုံးတွင် ယနေ့ခေတ် ဥပဒေရေးရာဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်မှုအောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်ရုံးများ၊ ခရိုင်ဥပဒေရုံးများ၊ မြို့နယ်ဥပဒေရုံးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်မှ အစပြု၍ ဒုတိယမြို့နယ်ဥပဒေအရာရှိထိ ဥပဒေအရာရှိများ အားလုံးအနေဖြင့် ပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးသည် ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့တွင် ဥပဒေနှင့်အညီဖြစ်စေရေး ပါဝင်ဆောင်ရွက်နေရသော ဌာနဖြစ်သည်နှင့်အညီ ဥပဒေအရာရှိများအနေဖြင့် ဥပဒေအသိပညာပြည့်ဝစေရေးအတွက် အစဉ်လေ့လာဆည်းပူးနေကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေအရာရှိများအနေဖြင့်လည်း ဥပဒေအရာရှိများ ကျင့်ဝတ်ပါအခြေခံမူများကို အလေးထားလိုက်နာပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ကြိုးစားဆောင်ရွက်ကြရင်း ပြည်နယ်အတွက် အကျိုးပြုသော ဥပဒေအရာရှိကောင်းများဖြစ်လာစေရန် ခံယူကြိုးစားကြစေလို ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားအတွက် အမှတ်တရကျောက်စီပန်းချီကားအား ပြည်နယ်ဥပဒေချုပ်ထံလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အမှတ်တရလက်ဆောင်အား ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းထံလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး ဥပဒေရေးရာဝန်ကြီးဌာနကပေးပို့လာသည့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ပြောကြားသည့် ဗီဒီယို Message နှင့် ဥပဒေရေးရာဝန်ကြီးဌာနနှင့် အဆင့်ဆင့်သော ဥပဒေရုံးများ၏ လှုပ်ရှားဆောင်ရွက်မှုများ ဗီဒီယိုကလစ်ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဥပဒေချုပ်ရုံး၊ ခရိုင်/ မြို့နယ်ဥပဒေရုံးများမှ ဝန်ထမ်းများက နှစ်ပတ်လည်နေ့ ဂုဏ်ပြုတေးသီချင်း သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဥပဒေအရာရှိ၊ ဝန်ထမ်းများနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်