မြစ်ကြီးနား သြဂုတ် ၂၄
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများနှင့် အများပြည်သူအသုံးပြုသည့်နေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်အတွင်းရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကျောင်းဝင်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများတူးဖော်ခြင်း၊ အမှိုက်များကောက်ယူစွန့်ပစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများ၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေသူများအတွက် မုန့်နှင့်ရေသန့်များကို လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။
ယင်းနောက် သီတာရပ်ကွက်၊ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်း ပြည်နယ်ဥပဒေချုပ်ရုံးကကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ သြဂုတ် ၃၀ ရက်နေ့တွင် ကျရောက်မည့် ဥပဒေရေးရာဝန်ကြီးဌာန၏ (၃)နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဥပဒေနှင့် တရားလွှတ်တော်ရုံးဝန်ထမ်းများ၏ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်သည်။
ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဝန်ထမ်းများအား ရုံး/ဌာန အလုပ်တာဝန်များတွင်သာမက အားကစားကို စိတ်ပါဝင်စားပြီး ကိုယ်ကာယကြံ့ခိုင်ကျန်းမာစေရေး၊ လုပ်ငန်းခွင်အတွင်း ပျော်ရွှင်စည်းလုံးလာစေရေး ပြုလုပ်ကျင်းပပေးခြင်းဖြစ်သည့်အတွက် မိမိအနေဖြင့် များစွာဝမ်းမြောက်ပါကြောင်း၊ ယနေ့ ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများအနေဖြင့် အချင်းချင်းချစ်ခင် စည်းလုံးစွာဖြင့် ယှဉ်ပြိုင်ကစားကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ဖူဆယ်ဘောလုံးအသင်းများနှင့်အတူ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံစုပေါင်းရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ကာ အဖွင့်ပွဲစဉ်အဖြစ် ဘောလုံးယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်မှုဇုန်ရပ်ကွက်အတွင်းရှိ ကျောက်မျက်ရုံးဝင်းသို့ သွားရောက်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့သန့်ရှင်းသာယာလှပရေး၊ အများပြည်သူပူးပေါင်းပါဝင်သော အမှိုက်စွန့်ပစ်စနစ်ပိုမိုကောင်းမွန်လာစေရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးခဲ့သော အမှိုက်သိမ်းသုံးဘီးယာဉ်(၁၀)စီးအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါကျောက်မျက်ရုံးဝင်းအတွင်း စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ အဆိုပါကျောက်မျက်ဝင်းအတွင်း ကျောက်မျက်ရတနာရောင်းဝယ်ရေးရုံ၌ ကျောက်စိမ်း အသားကျောက်များနှင့် ကျောက်စိမ်းပန်းပုအချောထည်များ ရောင်း/ ဝယ်ဖောက်ကားနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အရောင်းအဝယ်ဖြစ်ထွန်းမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေ ၆ နာရီခွဲကလည်း ပြည်နယ်အားကစား ကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုများနှင့် အကောင်းဆုံးကစားသမား ဆုများရရှိခဲ့သော အောင်ပွဲရ ပြည်နယ်လက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီးဖူဆယ်ဘောလုံးအသင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဖူဆယ်ဘောလုံးအားကစားတွင် ပြည်နယ်၏ သမိုင်းတစ်လျှောက် အမျိုးသား/ အမျိုးသမီးအသင်း နှစ်သင်းစလုံး နောက်ဆုံးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး ဒုတိယဆုများနှင့် အကောင်းဆုံးအားကစားသမားဆုများကို ထိုက်တန်စွာရယူ နိုင်ခဲ့သည့်အတွက် ယခုလို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် တာဝန်ရှိသူများနှင့် အားကစားသမားများအနေဖြင့် ရရှိပြီးသား အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းကြရန်နှင့် မရရှိသေးသည့် ပထမ တံခွန်စိုက်ဆုဖလားရရှိအောင် အလေးအနက်ထားကြိုးစားပြင်ဆင်ကြရန် တိုက်တွန်းလိုကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် အောင်ပွဲရဖူဆယ်ဘောလုံးအသင်းကိုယ်စားနည်းပြချုပ် ဦးမျိုးမင်းသန့်က ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အောင်ပွဲရ အမျိုးသား ဖူဆယ်ဘောလုံးအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သန်း ၁၅၀ ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက အောင်ပွဲရ အမျိုးသမီးဖူဆယ်အသင်းအတွက် ဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်း ၁၅၀ နှင့် အကောင်းဆုံးကစားသမားဆုရသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းစီဖြင့် စုစုပေါင်းငွေကျပ်သိန်း ၂၀ ကို လည်းကောင်း၊ ဘောလုံးဝါသနာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက စုစုပေါင်းချီးမြှင့်ငွေကျပ်သိန်း ၇၀ ကျော်ကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ အောင်ပွဲရအမျိုးသမီးဖူဆယ်ဘောလုံးအသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အောင်ပွဲရဘောလုံး အသင်းများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူ တကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်