မြစ်ကြီးနား သြဂုတ် ၁၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် မိုးစပါးစိုက်ပျိုးမှုလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဒေသအလိုက် တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက်ပိုင်းက မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အတွင်း မိုးစပါး ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်များနှင့်အတူ မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများ၊ အရပ်ဘက်လူမှုအသင်းအဖွဲ့များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ကျေးရွာများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ရပ်မိ/ရပ်ဖများ၊ အုပ်ချုပ်ရေး မှူးများ၊ ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ချီးမြှင့်ပေးအပ်ကာ စာသင်ဆောင်များအတွင်း ပညာသင်ကြားနေသော Grade-12 ကျောင်းသား/ ကျောင်းသူများအား ပညာကို ကြိုးစားသင်ယူနိုင်ရေး ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားခဲ့သည်။
ထို့နောက် ပင်းကျိုင်းကျေးရွာသွား ကားလမ်းဘေး၌ ပင်းဘောကျေးရွာအုပ်စု ပင်းကျိုင်း၊ ရေတွင်းကုန်း၊ ပဲခူးစု စသည့် ကျေးရွာများရှိ မိုးစပါးစိုက်ကွင်းများအတွက် အဓိကရေသောက်မြစ်ဖြစ် သော သဲဖြူချောင်းအား သဲနှုန်းမြေပို့ချမှုကြောင့် ချောင်းကြမ်းပြင်မြင့်တက်လာသဖြင့် စိုက်ကွင်းများ အတွင်း ရေရရှိမှု နည်းပါးလာသောကြောင့် ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီထောက်ပံ့မှု၊ ရွာသူ/ ရွာသားများ၏ လုပ်အားပါဝင်မှုဖြင့် ချောင်းတစ်လျှောက် အရှည်ပေ ၁၈၀၀၀ ကျော်အား သဲနှုန်း တူးဖော်ရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ရေတွင်းကုန်းကျေးရွာသို့ သွားရောက်ပြီး ပင်းဘော မြောက်/တောင်ကွင်း၊ ကွင်း အမှတ်(၁၇၀) တောင်သူဒေါ်ဖြူဖြူဝင်း၏ လယ်(၅)ဧက၌ မိုးစပါးစီးပွားဖြစ် မျိုးစေ့ထုတ် စံပြစိုက်ခင်း အတွင်း ဆင်းဧကရီ-၃ အထွက်တိုးမျိုးစပါးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုနှင့် တောင်သူများက ပင်ကြားပေါင်းနှုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ ကွင်းအတွင်းရှိ မိုးစပါးစိုက်ဧက ၄၅၀ အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနက သဲဖြူချောင်းရေလွှဲဆည်မှ တူးမြောင်းမကြီးအရှည် ပေ ၃၀၀၀ ကျော်နှင့် လက်တံမြောင်း၊ မြောင်းခွဲများတွင် သဲနှုန်းတူးဖော်ခြင်း၊ တူးမြောင်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများ၏ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တူးမြောင်းရေအား တောင်သူများ စနစ်တကျ ခွဲဝေသုံးစွဲနိုင်ရေး လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ ကျေးရွာမှတစ်ဆင့် ပင်လုံ ကျေးရွာသို့ သွားရောက်ပြီး ပင်လုံကျေးရွာ၊ ပင်လုံကွင်း မိုးစပါးစိုက်လယ်မြေများအတွင်း စိုက်ပျိုးရေ အတွက် နန့်စံကျင်ချောင်းပေါ်ရှိ ပင်လုံဆည်မှတစ်ဆင့်အရှည်ပေ(၁၆၀၀)ရှိ ကွန်ကရစ်ရေနှုတ်မြောင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ထိုမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးဘေး အင်ကြင်းကုန်းကျေးရွာ အင်ကြင်းကုန်းကွင်း၊ ကွင်းအမှတ် ၁၆၂ မှတစ်ဆင့် ကွင်းအတွင်း မိုးစပါး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် တောင်နီကျေးရွာအုပ်စု ထီးချိုင့်ကျေးရွာသို့ သွားရောက်ပြီး ထီးချိုင့်ကွင်းအတွင်း ရှိ မိုးစပါးစိုက်တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးရေးကဏ္ဍ လိုအပ်ချက်များ၊ ချေးငွေ လိုအပ်ချက်၊ ကျေးရွာခန်းမအတွက် ပံ့ပိုးကူညီပေးရန် ကိစ္စရပ်များ၊ ပညာရေးကဏ္ဍ လိုအပ်ချက်များ နှင့်စပ်လျဉ်း၍ တောင်သူများ၏ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ တောင်သူများအတွက် ယူရီးယားဓာတ် မြေသြဇာအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက တောင်သူများအား ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိုးကျရောစပ်အသုံးပြုနိုင်ရေး အသိပညာပေးဆောင်ရွက်ထားရှိမှုနှင့် တောင်သူ ဦးကျော်မောင်၏ မိုးစပါးစီးပွားဖြစ် မျိုးစေ့ထုတ် စံပြ စိုက်ခင်းအတွင်း ဆင်းဧကရီ-၃ အထွက်တိုး မျိုးစပါး စိုက်ခင်းအတွင်း ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာအချိုးကျရောစပ်ကြဲပက် သရုပ်ပြသမှု ကို ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ဆားမှော်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေ ဒုတိယနှစ်စက်ဝန်း ချေးငွေဖြင့် ပိုင်ရှင်ဒေါ်မိုးမိုးဝင်းနှင့် ဦးဝင်းကြိုင်တို့ နေအိမ်ခြံဝင်းများအတွင်း အသားတိုးဝက်များမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးအထောက်အကူပြုဆေးဝါး များ၊ အာဟာရဖြည့်စွက်စာများ၊ ခြံဖြန်းပိုးသတ်ဆေးဘူးများကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ ပြည်နယ် ဦးစီးမှူးက ဆေးဝါးပစ္စည်းများ ရောစပ်အသုံးပြုနိုင်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာအတွင်း အသားတိုးဝက်မွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက် နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ ထပ်တိုးချေးငွေ ချထားပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အောင်သာကျေးရွာအတွင်းနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းအတွက် မတည်ထည်ထောင်ပေးခဲ့သည့် အောင်ချမ်းသာ လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းသူ/အသင်းသားများ၊ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး မြေစာရင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မိုးကောင်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးမျိုးကွဲအလိုက် လျာထားချက် ပြည့်မီစွာ စိုက်ပျိုးပြီးစီးမှု အခြေအနေများနှင့် မိုးညှင်းခရိုင်တစ်ခုလုံး မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တောင်သူများ၏ စိုက်ပျိုးရေးနှင့် သွင်းအားစု လိုအပ်ချက်များ ပံ့ပိုးပေးနိုင်ရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ပြီး အသင်းသားတောင်သူထံ ဓာတ်မြေသြဇာအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ အသင်းသား တောင်သူ ဦးမိုးကောင်းနှင့် ဦးဌေးညွန့်တို့၏ လယ်၌ GW-11 စံပါးမျိုးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက် သာသနာ့ဗိမ္မာန်၌ ဇူလိုင်လကုန်က မိုးသည်းထန် စွာရွာသွန်းမှုကြောင့် နန့်ကောင်းချောင်းရေမြင့်တက်လာခဲ့သဖြင့် ရေကြီးနစ်မြှုပ်ခဲ့သော ရေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာ စကားပြောကြားကာ ပြည်နယ်ဝန်ကြီးများနှင့်အတူ အိမ်ထောင်စုများအတွက် ဆီ၊ ငါးသေတ္တာဘူးများ၊ ကြက်ဥနှင့် တာပေါ်လင်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ရေဘေးသင့် အိမ်ထောင်စုများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့သည်။
ထိုမှတစ်ဆင့် မိုးကောင်းမြို့နယ်၊ မြတောင်ကွင်း၌ နန့်လှိုင်ကျေးရွာမှ တောင်သူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးရေး ရာနှုန်းပြည့်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အားပေးပြောကြားကာ ဒေသခံ များ၏ စိုက်ပျိုးရေးလုပ်ငန်း လိုအပ်ချက်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးကဏ္ဍလိုအပ် ချက်များနှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပြီး မိုးစပါးအပြီး စိုက်ပျိုးမြေများတွင် ဆောင်းသီးထပ် ဆီထွက်သီးနှံ နေကြာနှင့် မြေပဲ စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးသန့်မျိုးစေ့နှင့် မြေသြဇာများ ပံ့ပိုးပေးနိုင်ရေး ဆွေးနွေးဆောင်ရွက် ခဲ့ကာ တောင်သူ ဦးမျိုးမျိုး၏ လယ်၌ မိုးစပါးစီးပွားဖြစ် မျိုးစေ့ထုတ် စံပြစိုက်ခင်းအတွင်း ဆင်းဧကရီ -၃ အထွက်တိုးမျိုးစပါးများ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)