ကချင်ပြည်နယ်အစိုးရအဖွဲ့က တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိခဲ့သော ပြည်နယ်ဘောလုံးအသင်းအား သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု

မြစ်ကြီးနား သြဂုတ် ၁၁

နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အသက် (၂၁)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားနှင့် အကောင်းဆုံးကစားသမားဆု(၂)ဆုကို ဆွတ်ခူးရရှိခဲ့သော ကချင်ပြည်နယ်ဘောလုံးအသင်းသည် တံခွန်စိုက်ဆုဖလားနှင့်အတူ ယမန်နေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာရာ လေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များ၊ ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့်အတူ အောင်သပြေ၊ ပန်းကုံးတို့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ကချင်ပြည်နယ်ဘောလုံးအသင်းအနေဖြင့် ပြည်နယ်၏ ဘောလုံးသမိုင်းတွင် ၂၀၀၈ ခုနှစ်က (၅၃)ကြိမ်မြောက် တိုင်း‌ဒေသကြီးနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် ပြည်ထောင်စုဒိုင်းကြီးကို နောက်ဆုံးအကြိမ် ရယူပေးနိုင်ခဲ့ပြီး ယခု နှစ်ပေါင်း ၁၆ နှစ်အကြာတွင် တံခွန်စိုက်ဆုဖလားကို ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သဖြင့် ထိုသို့အောင်မြင်မှုရရှိခဲ့သည့် ပြည်နယ်ဘောလုံးအသင်းအား လေဆိပ်မှ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းထိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် ရပ်ကွက်နေပြည်သူများက အိုးစည်ဒိုးပတ်အကတို့ဖြင့်လည်းကောင်း၊ ဆွမ်ပရာဘွမ်လမ်းမကြီးနှင့် ရုံးကြီးလမ်းတစ်လျှောက်တွင် အခြေခံပညာကျောင်းသား/ကျောင်းသူများ၊ သူနာပြုသားဖွားကျောင်းနှင့် ပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား/သင်တန်းသူများ၊ ဦးစီးဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများကလည်းကောင်း လမ်းဘေးဝဲယာမှ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း၌ ဘင်ခရာအဖွဲ့က ဦးဆောင်ကြိုဆိုခဲ့ကြပြီး ဆမားဒူဝါဆင်ဝါးနော်ခန်းမ ၌ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ဂုဏ်ပြုစလွယ်၊ ပန်းကုံးတို့ဖြင့် ကြိုဆိုခဲ့ကြပြီး ခန်းမအတွင်း၌ ပြည်နယ်ဝန်ကြီးချုပ်က တံခွန်စိုက် ဆုဖလားဆွတ်ခူးရရှိခဲ့သည့်အတွက် ဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားခဲ့ကာ ဂုဏ်ပြုကြိုဆိုရေးအစီအစဉ်တွင် ပါဝင်ခဲ့ကြသည့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာ၊ ပန်းပွားအဖွဲ့ များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ညပိုင်းတွင် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ အဆိုပါ ၂၀၂၄ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိခဲ့သည့် ချန်ပီယံပြည်နယ်ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ချန်ပီယံဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများက အောင်နိုင်ရေးအလံနှင့် တံခွန်စိုက်ဆုဖလားကို ပြည်နယ်ဝန်ကြီးချုပ်ထံ အပ်နှင်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့မိမိတို့ပြည်နယ်အတွက် ဘောလုံးအားကစားတွင် ဆယ်စုနှစ် (၂)စုနီးပါးဝေးကွာနေခဲ့သည့် အောင်မြင်မှုကို ယခုနှစ် ပြိုင်ပွဲတွင် ပြန်လည် ရယူနိုင်သကဲ့သို့ ပြည်နယ်သူ/ပြည်နယ်သားအားလုံးက လိုလားတောင်းတဆုံးဖြစ်သည့် တံခွန်စိုက် ဆုဖလားကို ရယူပေးနိုင်ခဲ့အတွက် ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်ခဲ့ခြင်းကြောင့် ယခုလို ဂုဏ်ပြု ချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် ပြည်နယ်အတွက် သမိုင်းဝင်အောင်မြင်မှုတစ်ခုကို ရေးထိုးနိုင်ခြင်း ဖြစ်သကဲ့သို့ အားကစားသမားများအနေဖြင့်လည်း မိမိတို့တစ်ဦးချင်းစီ၏ အောင်မြင်မှုဘဝမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် လိုအပ်သည့် ထောက်ပံ့မှုများ၊ ထိုက်တန်သည့် ဂုဏ်ပြုချီးမြှင့်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် အောင်ပွဲရ ပြည်နယ်ဘောလုံးအသင်းအုပ်ချုပ်သူ၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးကိုနှင့် ဘောလုံးအသင်းနည်းပြချုပ် ဦးဇာနည်ထွန်းတို့က အောင်မြင်မှုရရှိရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ပြိုင်ပွဲအတွေ့အကြုံများကို အသီးသီးရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အောင်ပွဲရ ပြည်နယ်ဘောလုံးအသင်းအတွက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၂၀၀ ကို လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးတို့က နောက်တန်းအကောင်းဆုံးဆုရ မောင်မင်းထက်ဇော်နှင့် ဂိုးသမားအကောင်းဆုံး ဆုရမောင်အေးနိုင်အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းစီကို လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၅)သိန်း၊ ပြည်နယ်ဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင် ဦးဇခုန်ယိန်းဆောင်က ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၅၀)၊ ပြည်နယ်စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းဥက္ကဋ္ဌက ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၂၀)နှင့် မြန်မာမိတ်ကာဟုန်းကုမ္ပဏီ လီမိတက်က ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀)သိန်းကို လည်းကောင်း အသီးသီးဂုဏ်ပြုချီးမြှင့်ခဲ့ကြရာ ဘောလုံးအသင်းကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အောင်ပွဲရပြည်နယ်ဘောလုံး အသင်းအဖွဲ့ဝင်များ၊ အား ကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)