ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်၊ ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲအား ကြည့်ရှုအားပေး

မြစ်ကြီးနား သြဂုတ် ၁၀

ဌာနဆိုင်ရာအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ကျန်းမာကြံ့ခိုင်ပြီး အလုပ်တာဝန်များတွင် ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရည်ရွယ်ကာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ရာ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက နောက်ဆုံးဗိုလ်လုပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ဝန်ကြီးဌာနများမှ ဘောလုံးအသင်း (၇)သင်းဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် သယံဇာတရေးရာဝန်ကြီးဌာန ဘောလုံးအသင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘောလုံးအသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ကြီးဌာနအလိုက် အရာထမ်း/အမှုထမ်းများက အားပေးကြည့်ရှုခဲ့ကြရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘောလုံးအသင်းက အချိန်ပို မိနစ် ၃၀ တွင် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဘောလုံးကွင်းအတွင်း ဆက်လက်ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဥပဒေချုပ်က ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော ဌာနအဖွဲ့အစည်းများအတွက် အမှတ်တရ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နေရာအလိုက် အကောင်းဆုံးကစားသမားဆုများ၊ ဂိုးသွင်းအများဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုနှင့် အကောင်းဆုံးအဖွဲ့ခေါင်းဆောင်ဆု၊ အုပ်ချုပ်သူဆုနှင့် အကောင်းဆုံးနည်းပြဆုများ၊ ပြိုင်ပွဲဝင်အမှတ်တရဆုများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တတိယဆုရ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဘောလုံးအသင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက ဒုတိယဆုရ သယံဇာတရေးရာဝန်ကြီးဌာန ဘောလုံးအသင်းတို့အား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားတို့အားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲ ၁ နာရီကလည်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်းရှိ မိုးလုံလေလုံ ဘော်လီဘောအားကစားခန်းမ၌ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ်ဘော်လီဘောဆပ်ကော်မတီက စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပြည်နယ်လက်ရွေးစင်ဘော်လီဘောအသင်းနှင့် ရမ်ပူလူငယ်ဘော်လီဘောအသင်းတို့၏ ချစ်ကြည်ရေး ဘော်လီဘောပြိုင်ပွဲကို တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ နည်းပြအဖွဲ့၊ ဒိုင်အဖွဲ့နှင့် ရမ်ပူရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်ကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)