မြစ်ကြီးနား ဩဂုတ် ၂
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်စေရေး လုပ်ငန်းများတွင် စည်ပင်သာယာရေး နယ်နမိတ်အတွင်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် မြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား မြို့ပြသန့်ရှင်းသာယာလှပရေး၊ စိမ်းလန်း စိုပြည်ရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့တစ်ခုထဲ ဆောင်ရွက်၍ မရနိုင် သကဲ့သို့ ရပ်ကွက်အတွင်း ပြည်သူများ ပူးပေါင်းပါဝင်မှသာ ပိုမိုကောင်းမွန်သော မြို့ပြစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် ပူးပေါင်းဆောင်ရွက်သင့်ကိစ္စရပ်များ၊ ပံ့ပိုးကူညီဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်လင်းက စည်ပင်သာ ယာရေးအဖွဲ့မှ ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးတင်ပြပြီး မြို့နယ်အမှုဆောင် အရာရှိ ဦးလှမိုးက မြို့ပြသန့်ရှင်းရေးအတွက် မြို့ပြဆိုင်ရာ အချက်အလက်များ၊ နေ့စဉ်နှင့် ရက်ခြား အမှိုက်သိမ်းယာဉ်များ လှည့်ပတ်မှုသိမ်းဆည်းနိုင်မှု အခြေအနေများ၊ အမှိုက်စုရပ်များတွင် စုစည်း စွန့်ပစ်မှု အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှင်းလင်းတင်ပြဆွေးနွေး သည်။
ယင်းနောက် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များအလိုက် အမှိုက်စွန့်ပစ်နေမှု အခြေအနေများ၊ ရပ်ကွက်သန့်ရှင်းသာယာလှပရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ် များကို အသီးသီးအကြုံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး နှင့် မြို့နယ်အမှုဆောင်အရာရှိတို့က ဖြည့်စွက်သုံးသပ်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)