၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား ဇူလိုင် ၂၆

နိုင်ငံ့ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ရေးနှင့်အလုပ်တာဝန်များကို စိတ်ပျော်ရွှင်ချမ်းမြေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး ရည်ရွယ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဘောလုံးပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး ပြည်နယ်၏ အကျိုးစီးပွားကို လက်တွဲညီညီ အကောင် အထည်ဖော်ဆောင်ရွက်နိုင်စေရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် လုပ်ငန်းခွင်ကြုံတွေ့နေရသည့် စိတ်ဖိစီး မှုများလျော့နည်းပပျောက်ကာ အားကစားပြုလုပ်ခြင်းဖြင့်စိတ်ပျော်ရွှင်စေရန်ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ပြိုင်ပွဲဝင်အသင်းများအနေဖြင့် မိမိတို့အသင်းအနိုင်ရရှိရေးထက် ယှဉ်ပြိုင်ရေးကိုသာ ဦးစားပေးကစားကြရန်လိုကြောင်း တိုက်တွန်းမှာကြားပြီး ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်  တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်း သင်းမှ နည်းပြ၊ အုပ်ချုပ်သူများနှင့် အားကစား သမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ ဘောလုံးများအား  ထောက်ပံ့ပေးအပ်ခဲ့ကြသည်

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အဖွင့်ပွဲစဉ်အဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဘောလုံးအသင်းနှင့် လူမှုရေးရာဝန်ကြီးဌာန ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသော ခေတ်ပေါ် အကအဖွဲ့နှင့် ဘင်ခရာအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ တိုင်းဒေကြီးနှင့် ပြည်နယ်ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်ကစားမည့် အသက်(၂၅)နှစ်အောက် ဖူဆယ်အမျိုးသမီးလက်‌ရွေးစင်အသင်းအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

အဆိုပါပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ဝန်ကြီးဌာနများအလိုက် ဦးစီးဌာနများမှ ဝန်ထမ်းများစုဖွဲ့၍ အသင်းပေါင်း ၇ သင်းဖြင့် ယနေ့မှစတင်ကာ သြဂုတ်လ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရအသင်းများကိုလည်း ဆုများထိုက်တန်စွာ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)