ဗန်းမော် ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ၃ မိုင်(ရွှေပြည်သာ) ရပ်ကွက်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းဝန်းအတွင်းတွင် ပျိုးပင်ပေါင်း (၁,၅၀၀)ကို ဗန်းမော်ခရိုင် သစ်တောဦးစီးဌာနက ဦးဆောင်ပြီး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် ခရိုင်သစ်တောဦးစီဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကို-၁တို့က ပျိုးပင်များ ဖြန့်ဝေပေးခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကြည်ဇော်ထွန်း၊ ဗန်းမော်ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။
ထို့နောက် စုပေါင်းသစ်ပင်စိုက်ပျိုးရေးပွဲတော်သို့ တက်ရောက်လာကြသည့် ဗန်းမော်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချူပ်ရေးဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဗန်းမော်ခရိုင်နှင့် မြို့နယ်သစ်တောဦးစီဌာနမှ ဝန်ထမ်းများ၊ အစိုးရနည်း ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျွန်း(၆၀၀)ပင်၊ ပျဉ်းကတိုး(၂၀၀)ပင်၊ ခရေ (၁၃၀)ပင်၊ မဟော်ဂနီ (၃၅)ပင်၊ ပိတောက် (၃၅)ပင်၊ တမလန်း (၂၅၀)ပင်နှင့် ကညင် (၂၅၀)ပင်စသည့် စုစုပေါင်းပျိုးပင် (၁၅၀၀)ပင်တို့ကို သတ်မှတ်နေရာအသီးသီး၌ တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။
ရှိုးသီဟ (ပြန်/ဆက်)