ကချင်ပြည်နယ်အတွင်း မြစ်ရေကြီးမြင့်မှုဖြစ်စဉ်ကြောင့် ရေဘေးသင့်ပြည်သူများအား ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ

မြစ်ကြီးနား ဇူလိုင် ၁၇

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဇွန်လ ၃၀ ရက်နှင့် ဇူလိုင် ၁ ရက် နေ့တို့တွင် ဧရာဝတီမြစ်ရေသည် စံချိန်တင်ကြီးမြင့်မှု ဖြစ်ပေါ်ခဲ့သည့်အပြင် မိုးကောင်းချောင်းရေ ကြီးမြင့်မှုလဲဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီမံမှုဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကူးစက်ရောဂါများမဖြစ်ပွားစေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ မြစ်ရေကြီးမြင့်ခဲ့မှုအပေါ် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ မိုးကောင်း၊ ဗန်းမော်၊ ရွှေကူမြို့နယ်များတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများအနေဖြင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နှီးနွယ်ဌာနဆိုင်ရာများ၊ ဒေသတွင်းရှိအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ကွင်းဆင်း အဖွဲ့ပေါင်း ၃၅၁ ဖွဲ့ ဖွဲ့စည်းပြီး ပါဝင်သူဦးရေ ၁၄၀၀ ကျော်တို့ဖြင့် ဒေသအလိုက် ရေတွင်း/ ရေကန်များအား စုပ်ထုတ်၍ ကလိုရင်းဆေးခပ်ခြင်း၊ အဘိတ်ဆေးခပ်ပေးခြင်း၊ ဖုံး၊ သွပ်၊ လဲ၊ စစ် လုပ်ငန်းများ၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်သည်။

ထိုအပြင် မြစ်ရေကြီးမြင့်ကြောင့် ပြည်နယ်အတွင်း မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူ မြို့နယ်တို့တွင် ရေဘေးရှောင်စခန်းပေါင်း (၆၇)ခု၊ လူဦးရေ (၂၀၀၀၀)ကျော်တို့အား အရေးပေါ် ကျန်းမာရေးစောင့်ရှောင်မှုအနေဖြင့် ဆေးခန်းပေါင်း (၂၀၀)ကျော်၊ ဆေးကုသမှုအဖွဲ့ဝင်ပေါင်း ၆၀၀ ကျော်ဖြင့် ကျန်းမာရေးစောင့်ရှောင်ပေးခြင်း/ ကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သဘာဝဘေးဖြစ်စဉ်၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီမှ သိရသည်။

အဆိုပါ မြစ်ရေကြီးမြှင့်မှုသည် မြစ်ကြီးနားမြို့၌ စိုးရိမ်ရေမှတ် (၁၂၀၀)စင်တီမီတာအနက် အမြင့်ဆုံး (၁၄၀၆)စင်တီမီတာထိ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဗန်းမော်၊ ရွှေကူမြို့နယ်များတွင်လည်း စိုးရိမ်ရေမှတ်အထက် ကျော်လွန်စွာ မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်