ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) မိုးရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား ဇူလိုင် ၁၆

နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် မိုးရာသီပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက် ရောက်ပြီး နိုင်ငံတော်အစိုးရ၏ အမျိုးသားအားကစားမြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်နေသကဲ့သို့ တက္ကသိုလ်အသီးသီးကလည်း စိတ်အားထက်သန်စွာ တာဝန်ယူပူးပေါင်းဆောင်ရွက်သွားကြမှသာ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ် သော အမျိုးသားအားကစားကဏ္ဍ မြှင့်တင်ရေးနှင့် အားကစားနှင့် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက် ရေး အမြန်ဆုံးအကောင်အထည်ပေါ်လာမည်ဖြစ်ပါကြောင်း၊ ယနေ့ ကျောင်းသား/ကျောင်းသူများ အနေဖြင့် မိမိတို့၏ မူလပန်းတိုင်ဖြစ်သော အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်လာနိုင်ရေး ဘာသာ ရပ်အသီးသီးတွင် ထူးချွန်ထက်မြက်သော အင်ဂျင်နီယာများ ပေါ်ထူးလာစေရေး ကြိုးစားကြရန် လိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား) ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက မိုးရာသီအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက တက္ကသိုလ်ပေါင်းစုံ (E Sports) ပြိုင်ပွဲအတွက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား) ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် (Dream Works) အသင်းအား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆု များ ချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက မိုးရာသီ အားကစားပြိုင်ပွဲအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ဒုတိယပါမောက္ခချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားအသင်းများမှ ကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ ဖူဆယ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲများကို ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း (၃)သင်းဖြင့်လည်းကောင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၉)ဦးဖြင့် လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် စုစုပေါင်းအသင်းဝင်(၄)သင်းဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)