ဗန်းမော် ဇူလိုင် ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများက ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ သိမ်တော်ကြီးဘုန်းတော်ကြီးကျောင်း၌ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများကို ယမန်နေ့နံနက် (၁၀) နာရီက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီမြစ်ရေတဖြည်းဖြည်း ကျဆင်းလာသော်လည်း ရေများကျန်ရှိနေသေးသောကြောင့် ဗန်းမော်မြို့နယ် အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်ကျေးရွာများမှ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်သည့် ရေဘေးသင့်ပြည်သူများအား ခရိုင်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် အဖွဲ့ဝင်များ၊ ဗန်းမော်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်ဌေး၊ ဗန်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် သိမ်တော်ကြီးကျောင်းတိုက် ရေဘေးကယ်ဆယ်ရေးစခန်းတွင် နေထိုင်သည့် အိမ်ထောင်စု (၉၄) စု၊ လူဦးရေ (၃၁၄) ဦးအတွက် ဗန်းမော်မြို့ရှိ ရွှေတောင်တန်း ဆီဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများက ထမင်းဘူး (၃၁၄) ဘူး ကျပ်သိန်း (၉၃၀၀၀၀) လှူဒါန်းပေးခဲ့ပြီး ဌာနဆိုင်ရာများက ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဗန်းမော်မြို့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ (၁၂) နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၌ (၁၀၃၆) စင်တီမီတာဖြစ်ပြီး စိုးရိမ်ရေမှတ်မှာ (၁၁၅၀) စင်တီမီတာဖြစ်သောကြောင့် စိုးရိမ်ရေမှတ်အောက် (၁၄) စင်တီမီတာ၊ (၇)လက်မခန့်အထိ ရေများ ကျဆင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။
ရှိုးသီဟ(ပြန်/ဆက်)