ရွှေကူမြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများအား ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

ရွှေကူ ဇူလိုင် ၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ‌ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြှင့်တက်မှုကြောင့် ရေကြီးနှစ်မြုပ်၍ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြသော ရေဘေးသင့်အိမ်ထောင်စုများအား ယနေ့နံနက် ၁၀ နာရီခန့်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည့် ထောက်ပံ့ငွေများအား ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်အတွင်း ဇူလိုင်လ (၁)ရက်နေ့မှစတင်၍ ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် မြစ်ကမ်းနံဘေးနှင့်မြေနှိမ့်ပိုင်းများရှိ လူနေအိမ်များနှင့်လမ်းများအတွင်း ရေကြီးနှစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်များကြောင့် ဒုက္ခကြုံတွေ့နေရသော ပြည်သူများ၏ လတ်တလောစားဝတ်နေရေး သက်သာချောင်ချိမှု ရရှိစေရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ အဖွဲ့ဝင် မြို့နယ်ရဲမှူးမြင့်ဇော်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ခံ ဦးတိုးတိုးထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများပါဝင်သော အဖွဲ့က လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေ တစ်ရက်လျှင် (၃၀၀/)ကျပ် နှုန်းဖြင့် (၁၄) ရက်စာ (၄၂၀၀/)ကျပ်ဖြင့် လူဦးစုစုပေါင်းရေပေါင်း(၂၀၄)ဦးအတွက် စုစုပေါင်းငွေကျပ် (၈၅၆,၈၀ဝိ/)တို့ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ(၆)ရက် နံနက်ပိုင်းက အမှတ်(၃) ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် တောပုန်းကျေးရွာများမှ ရေဘေးသင့်ပြည်သူ (၅၁၁)ဦးအတွက် စုစုပေါင်းငွေကျပ်(၂,၁၄၆,၂၀ဝိ/) တို့ကိုလည်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတာဝန်ရှိသူများမှ ရေဘေးအန္တရာယ်ကျရောက်နေစဉ် နှင့်ကျရောက်ပြီးပါက ဆောင်ရန်ရှောင်ရန်များကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)