မချမ်းဘော ဇူလိုင် ၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၂)ဆရာမအိအိငြိမ်းက တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ကျန်းမာရေး အသိပညာပေး အကြောင်းအရာများကို ဟောပြောပြီး ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာကိုကိုကြီးက လက်ကိုမှန်ကန်စွာ သန့်စင်ဆေးကြောနည်းကို ကျောင်းသူ၊ ကျောင်းသားများအား လက်တွေ့သရုပ်ပြပြုလုပ်ခဲ့ကာ ကျောင်းသူကျောင်းသားများကို ပေါင်ချိန်တိုင်းတာခြင်း၊ လက်မောင်းတိုင်းခြင်းများကိုပါ ဆောင်ရွက်ခဲ့သည်။
ထို့နောက်ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက အမှိုက်ကော်၊ တံမြက်စည်းစသည့် စာသင်ခန်းသုံးပစ္စည်းများကိုလည်းကောင်း ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများကို လည်းကောင်း၊ အာဟာရမုန့်များကိုလည်းကောင်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက မချမ်းဘောမြို့ အမှတ်(၄)ရပ်ကွက်ရှိ ရတနာမူကြိုကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများကို ကျန်းမာရေး စစ်ဆေးပေးခြင်း အာဟာရကျွေးမွေးခြင်းများကို ဆောင်ရွက်ပြီး မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး ခြင်းကျားမပေါက်ပွားစေရန် ဖုံးသွန်၊လဲ၊စစ်လုပ်ငန်းများကိုပါ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)