ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းအတွက် စိုက်ပျိုး မွေးမြူရေး၊ သမဝါယမနှင့် ကုန်ထုတ်လုပ်မှုစီမံကိန်း လုပ်ငန်းပေါင်း (၁၆၀) ယူနစ်ကျော်အတွက် မတည်ငွေကျပ်သန်း (၇၀၀၀) ကျော် ထုတ်ချေးထားနိုင်ခဲ့ပြီဖြစ်

မြစ်ကြီးနား ဇူလိုင် ၅

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၈) ဘီလီယံကို ရင်းနှီးမတည် ပေးခဲ့ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေပထမနှစ်စက်ဝန်းကို အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ပြီး ယခုနှစ်အတွက် ရန်ပုံငွေဒုတိယနှစ်စက်ဝန်းတွင် လုပ်ငန်းစီမံကိန်းယူနစ်ပေါင်း (၁၆၀) အတွက် ငွေကျပ် သန်းပေါင်း (၇၀၀၀) ကျော်ဖြင့် ထပ်မံမတည်လည်ပတ်လျက်ရှိကြောင်း ဇူလိုင်လ (၃) ရက် ညနေ (၃) နာရီက ကျင်းပပြုလုပ်သည့် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပထမနှစ်စက်ဝန်းကို အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခု ဒုတိယနှစ်စက်ဝန်းအတွက် ရန်ပုံငွေများကို မတည်ပေးလျက်ရှိပြီး ခရိုင်/မြို့နယ်ကော်မတီများက အတည်ပြုတင်ပြလာသည့် လုပ်ငန်းစီမံကိန်းများကို မိမိတို့အနေဖြင့် စနစ်တကျစိစစ်ကြပ်မတ်ပြီး လက်စွဲစာအုပ်ပါလုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နယ်မြေအခြေအနေပေါ်မူတည်၍ စိစစ်ဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် ခရိုင်အလိုက် လည်ပတ်လျက်ရှိသည့် လုပ်ငန်းယူနစ်များနှင့် ရန်ပုံငွေမတည်ပေးနိုင်သည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များ က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် မတည်ငွေများ ချထားဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ မြေပြင်တွင် ကျေးရွာကော်မတီများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှု အခြေအနေများ၊ လိုအပ်ချက်၊ အခက်အခဲများကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဘဏ္ဍာရေး စည်းကမ်း၊ ညွှန်ကြားချက်များအား ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ရန်ပုံငွေများ အမှန်တကယ်လိုအပ်သည့် ပြည်သူများ အကျိုးဖြစ်ထွန်းစေရေး စနစ်တကျ စိစစ်ကြပ်မတ်ချထားပေး နိုင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)