မိုးညှင်း ဇူလိုင် ၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်နှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယနေ့နံနက် (၈)နာရီက တက္ကသိုလ်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဖွင့်အမှာစကား ပြောကြားရာ၌ ဘာသာရပ်အသီးသီးမှ ကျောင်းသား ကျောင်းသူများအား သင်ကြားရေးကိုသာမက လေ့ကျင့်ရေးကိုပါ ထူးချွန်ထက်မြက်လာစေရန်၊ အားကစားကို ချစ်မြတ်နိုးတတ်စေရန်၊ မိမိတက္ကသိုလ်၊ မိမိဂုဏ်သိက္ခာအတွက် ထိန်းသိမ်းတတ်စေရန်၊ တရားသောယှဉ်ပြိုင်ကစားခြင်းဖြင့် အနိုင်ယူတတ်စေရန်နှင့် သန့်ရှင်းမျှတစွာဖြင့် ကစားနိုင်စေရန်ရည်ရွယ်၍ အဆိုပါပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာ အဓိဌာန်များကို သံပြိုင်ရွတ်ဆိုကြပြီးနောက် တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ (ဌာနမှူး)များက အားကစားသမားများအား ရင်းရင်းနှီးနှီး နွေးထွေးစွာ တွေ့ဆုံလက်ဆွဲနှုတ်ဆက် အားပေးကြကာ ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ဘာသာရပ်အသီးသီးမှ အမျိုးသားဘောလုံးအသင်း (၄)သင်းပါဝင်ပြီး အသင်းပတ်လည်ဖြင့် ယှဉ်ပြိုင်ကစားကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများမှ အေးချမ်းပျော်ရွှင်စွာ အားပေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း