ကချင်ပြည်နယ်ဝန်ကြီးချုပ် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို လူထုလှုပ်ရှားမှုအသွင်ဖြင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

မြစ်ကြီးနား ဇွန် ၂၀

၂၀၂၄ ခုနှစ်၊ ဇွန်(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ လူထုလှုပ်ရှားမှုအသွင်ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုူင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ မျက်မှောက်ခေတ်ကာလ၌ မူးယစ်ဆေးဝါးပြဿနာအား ရှုမြင်သုံးသပ်ရာတွင် တားဆီးနှိမ်နင်းရေးနှင့် ထိရောက်သော တရားစီရင်ရေးကဏ္ဍတစ်ခုတည်း ဆောင်ရွက်၍မရဘဲ ပြည်သူ့ကျန်းမာရေး၊ လူမှုဘဝမြင့်မားရေး၊ လူသားချင်းစာနာထောက်ထားရေး၊ ဖွံ့ဖြိုးရေး၊ အခြေခံလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးဆိုင်ရာကဏ္ဍများမှ ဘက်စုံချဉ်းကပ်မှုပုံစံဖြင့် ပြဿနာ၏ အရင်းအမြစ်တစ်ခုလုံးအား လွှမ်းခြုံ၍ အပြန်အလှန်အမှီသဟဲပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အခမ်းအနားကျင်းပပြုလုပ်နိုင်‌ရာတွင် လူထုပူးပေါင်းပါဝင်သည့်အသွင်ဖြင့် အောင်မြင်စွာကျင်းပရာ ပြုလုပ်နိုင်ရေးအားလုံးက အချိန်အဆက်မိမိဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းအမှာစကားပြောကြားသည်။

ယင်းနောက် ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးများ ကျင်းပဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက အခမ်းအနားအထိမ်းအမှတ် အသိပညာပေးပြခန်း/ပြကွက်များ ခင်းကျင်းပြသသွားမည့် အစီအစဉ်များ၊ စာစီစာကုံး၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများ ကျင်းပပြုလုပ်၍ ဆုများချီးမြှင့်ပေးအပ်သွားမည့် အစီအစဉ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွန်းက ဆပ်ကော်မတီများအလိုက် တင်ပြမှုများအပေါ် ဖြည့်စွက်သုံးသပ်ရှင်းလင်းတင်ပြသည်။

ထို့နောက် တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားအောင်မြင်စွာ ကျင်းပပြုလုပ်ရာတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် အားလုံးပူးပေါင်းပါဝင်နိုင်ရေးနှင့် လိုအပ်သည်များကို ကဏ္ဍအလိုက် သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ စုပေါင်းရုံးမနောရွှေ ပြည်ခန်းမ၌ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်လာသော ပြည်သူများအတွက် အသားဟင်းရိက္ခာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကာ အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ အားပေးအမှာစကားပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြစ်ကြီးနားမြို့ပေါ် ယာယီတိမ်းရှောင်စခန်းများမှ အိမ်ထောင်စု (၂၂၅၈)စုတို့အတွက် အမဲသား(၃၄၃)ပိဿာကို ထောက်ပံ့ပေးအပ်ရာ အိမ်ထောင်စုများကိုယ်စားပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)