ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ပွဲရကချင်ပြည်နယ်လက်ရွေးစင် ရေကူးအသင်းအား မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆို

မြစ်ကြီးနား ဇွန် ၁၆

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူးပြိုင်ပွဲတွင် ကချင်ပြည်နယ်အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်အတွင်းမှ အားကစားသမားများအား စခန်းသွင်းလေ့ကျင့်ပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၁)ခုတို့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် တတိယအဆင့်ရရှိခဲ့သော ပြည်နယ်လက်ရွေးစင်ရေကူး အသင်းသည် ဇွန် ၁၅ ရက် ည ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထိုသို့ ဂုဏ်ပြုကြိုဆိုရာတွင် မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် အရာထမ်း/ အမှုထမ်းများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် အားကစားသမားများက လက်ရွေးစင်ရေကူးအားကစားအသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများအား ဂုဏ်ပြုပန်းကုံး၊ အောင်သပြေခက်တို့ဖြင့် ကြိုဆိုခဲ့ကြသည်။

ယင်းနောက် လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က လက်‌ရွေးစင်ရေကူးအသင်းအား မိမိတို့ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးဖြစ်သည့် ရေကူးကန်ရရှိပြီး ‌ဒေသခံ လူငယ်အားကစားများ မွေးထုတ်လေ့ကျင့်ကာ ပထမဆုံးအကြိမ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲတွင် ရွှေ(၃)ခု၊ ကြေး(၁)ခုရရှိခဲ့ပြီး ပြည်နယ်ဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နောက်လာမည့် ပြိုင်ပွဲများတွင် ယခုထက် ပိုမိုအောင်မြင်မှုများကို ရရှိနိုင်ရေး လေ့ကျင့်ကြစေလိုကြောင်း ဂုဏ်ပြုပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းတို့က ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ဆုရ အားကစားသမားအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၂၀)၊ ရွှေတံဆိပ် (၁)၊ ကြေးတံဆိပ်(၁)ဆုရရှိသည့် အားကစားသမားအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၄)သိန်းနှင့် လက်ရွေးစင်အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀)သိန်းကို အသီးသီးဂုဏ်ပြုချီးမြှင့်ခဲ့ကြရာ လက်ရွေးစင်အသင်းအုပ်ချုပ်သူက ပြိုင်ပွဲအတွေ့အကြုံများနှင့် ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)