မြစ်ကြီးနား ဇွန် ၁၁
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေဖြင့် မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများတွင် အများပြည်သူ ပူးပေါင်းပါဝင်လာစေရေးအတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၄ နာရီခွဲက မြစ်ကြီးနားမြို့ ကမ်းနားလမ်းတစ်လျှောက် အများပြည်သူအပန်းဖြေနေရာများတွင် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ စည်ပင်သာယာဆိပ်ကမ်းမှ ရေစင်ဈေးထိ ကမ်းနားလမ်းတစ်လျှောက်နှင့် ဧရာဝတီမြစ်ကမ်းသဲသောင်ခုံတို့တွင် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက မြစ်ကမ်းပါးသာယာလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကမ်းထိန်းသစ်ပင်ကြီးများ စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့အပြင် ပြည်နယ်သစ်တောဦးစီးဌာနနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများက စည်ပင်သာယာရေးဝန်ထမ်းများနှင့်အတူ အများပြည်သူအပန်းဖြေရာ နေရာများဖြစ်သည့် We Love Myitkyina ဆိုင်းဘုတ်နေရာနှင့် ပန်းခြံငယ်၊ ကမ်းနားလမ်း တစ်လျှောက်တို့တွင် အမှိုက်ကောက်ခြင်း Campaign ကို ပြုလုပ်၍ ပလတ်စတစ်အမှိုက်များ ကောက်ယူခြင်းနှင့် ဝန်ထမ်းများက အပန်းဖြေအနားယူလျက်ရှိသည့် ပြည်သူများအား စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု လက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် အတူ ယနေ့ နံနက် ၇ နာရီခွဲအချိန်က မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှရေးနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျှောက် မိုးရာသီတွင် သစ်ပင်ကြီးများ သစ်ကိုင်းကျိုးကျလေ့ရှိရာ လမ်းသွားလမ်းလာများ အန္တရာယ်ကင်းရှင်းရေးအတွက် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ သက်တမ်းရင့် ကုက္ကိုလ်ပင်ကြီးများမှ သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းပေးခြင်းနှင့် ဆမားလမ်းတစ်လျှောက်တို့တွင် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ ကုတင်- ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအတွင်း (၃)ထပ်လူနာဆောင် အရိုးကုသဆောင်၌ နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များ ကြောင့် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာမှ လာရောက်ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ကြကာ ဆေးရုံကျန်းမာရေးဝန်ထမ်းများအတွက်လည်း ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)