မြစ်ကြီးနား ဇွန် ၉
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်ပြီး သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်၍ ကချင်ပြည်နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးမည့်ဒေသနှင့် ကိုက်ညီသည့် ပျိုးပင်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များထံ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကျောင်းဝင်းအတွင်း မြေကွက်လပ်၌ ရတနာတန်းဝင် ကျွန်းပင်၊ တမလန်း၊ ရေပိတောက်၊ မန်ဂျန်ရှား၊ စကားဝါ၊ ယမနေ၊ ယင်းမာ၊ ပျဉ်းမစသည့် သစ်ပျိုး (၈)မျိုး၊ စုစုပေါင်း အရိပ်ရအပင်ကြီးပေါင်း (၄၀၀)ကျော်အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြ သည်။
ကချင်ပြည်နယ်သစ်တောဦးစီးဌာနအနေဖြင့် မြစ်ကြီးနားမြို့နယ်အတွင်း အပတ်စဉ် စနေနေ့တိုင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ယခုနှစ်မိုးရာသီအတွက် ပြည်သူလူထုနှင့် ဌာနဆိုင်ရာတပ်ရင်း/တပ်ဖွဲ့များသို့ ပျိုးပင်ပေါင်း (၇၀၀၀)ကျော်ကို ဖြန့်ဝေစိုက်ပျိုးနိုင်ခဲ့ပြီး သစ်ပင်စိုက်ပျိုးလိုသူများကိုလည်း မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်