မိုးညှင်း ဇွန် ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် အငယ်တန်းနှင့် အကြီးတန်းဆောင်းပါးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက တက္ကသိုလ်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ထိုသို့ ကျင်းပရာတွင် ပြည်သူများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အာရုံစူးစိုက်မိလာစေရန်အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနေမှုပြဿနာများနှင့် အရေးကြီးပြဿနာရပ်များ၏ အခြေအနေနှင့် အချိန်အခါပေါ်တွင်မူတည်၍ အဓိကစိန်ခေါ်နေမှုများကို သိရှိလာပြီး ပိုမိုအလေးထား ဖြေရှင်းဆောင်ရွက်လာကြစေရန်ရည်ရွယ်၍ အဆိုပါပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ပြိုင်ပွဲတွင် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် အငယ်တန်း ဆောင်းပါးပြိုင်ပွဲတွင် (၁၁)ဦးနှင့် အကြီးတန်း ဆောင်းပါးပြိုင်ပွဲတွင် (၇)ဦး စုစုပေါင်း (၁၈)ဦး အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အဆိုပါပြိုင်ပွဲ၌ ဆုရရှိကြသူများကို ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၌ ဆုများအသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆောင်းပါးပြိုင်ပွဲသို့ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းနိုင်ဝင်းနှင့် ဝန်ထမ်းများ၊ တက္ကသိုလ်စာကြည့်တိုက်မှူးတို့က ပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း