တနိုင်း မေ ၂၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ဇေယျာသီရိကျောင်းတိုက်အတွင်း၌ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တတေဇနိယနှင့် ဟူးကောင်းမေတ္တာ လူမှုကူညီရေးအသင်းတို့ ပူးပေါင်း ဖွင့်လှစ်သော နိုင်ငံတကာအဆင့်မီ အရေးပေါ်အသက်ကယ်ဆယ်ရေး (အခြေခံ) သင်တန်း အမှတ်စဥ် (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်စိုးက အဖွင့်အမှာ စကားပြောကြားပြီး ဟူးကောင်းမေတ္တာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးအောင်မင်းက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးလှိုင်မင်းဦးက သင်တန်းကာလအတွင်း သင်ကြားပို့ချသွားမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို မေလ ၂၇ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းထူး (ပြန်/ဆက်)