ပူတာအို မေ ၂၉
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မေလ(၂၃)ရက်မှ ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ်သတ်မှတ်ကာ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိရာ မေ(၂၈)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည့် ပူတာအိုခရိုင်/ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အမှာစကား ပြောကြား သည်။
အခမ်းအနားတွင် အ.ထ.က ပူတာအိုကျောင်း ကျောင်းသား၊ ကျောင်းသူများက “လူငယ်စွမ်းရည်” သီချင်းဖြင့် ခရိုင်/မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ကချင် ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပူတာအိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်စတွင် ထက်/လယ်/မူကျောင်းသား၊ ကျောင်းသူပေါင်း (၂၀၄၈၆)ဦးရှိခဲ့ပြီး နှစ်ဆုံးချိန်တွင် (၁၉၈၀၀) ဦးသာ ပညာသင်ကြားပြီးဆုံးခဲ့ပါကြောင်း၊ ယခုပညာသင်နှစ်တွင် မေလ (၂၇)ရက်နေ့အထိ ကျောင်းအပ်နှံမှုမှာ ကျောင်းသား၊ ကျောင်းသူပေါင်း(၇၃၅၄)ဦးသာ အပ်နှံထားပြီး ယခင်နှစ်ကျောင်းသားပြည့်မီရန် (၁၂၄၄၆)ဦး အပ်နှံရန်ကျန်ရှိသေးကြောင်း၊ ပူတာအိုခရိုင်အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသားပေါင်း (၂၇၀၀၀)ဦး အပ်နှံခဲ့ပြီး ယခုနှစ်အပ်နှံမှုမှာ ကျောင်းသားပေါင်း (၁၀၀၀၀)ဦးနီးပါးမျှသာ အပ်နှံထားခြင်းကြောင့် ကျောင်းအပ်နှံမှုမှာ (၃၅) ရာခိုင်နှုန်းသာရရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နိုင်ရေးနှင့် ကျောင်းသားများ အလေအလွင့်မရှိပဲ ပညာကိုပြီးဆုံးသည်အထိ သင်ယူနိုင်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသားနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဝင်းဆွေက ခရိုင်/မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းတင်ပြပြီး အ.ထ.က ပူတာအိုကျောင်း Grade-10 ကျောင်းသား၊ ကျောင်းသူများက “မမေ့နိုင်သောမြေ” တေးသရုပ်ဖော်အကဖြင့်ဖျော်ဖြေတင်ဆက်ကာ ပြည်နယ်ဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းဝတ်စုံများကို ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်ထံသို့လည်းကောင်း၊ ပူတာအိုတပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ကျော်ဦးက ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးအပ်သည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံများကို မြို့နယ်ပညာရေးမှူး ဦးဝင်းဆွေထံသို့ လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်သည်။
ထို့နောက် အ.ထ.က ပူတာအိုကျောင်း ကျောင်းသား၊ ကျောင်းသူများက “မြောက်ဖျားအရပ်ကခေါ်သံ” သီးချင်းနှင့် ကချင်တေးသရုပ်ဖော်အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြ သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နေ ငါးမွေးမြူရေးတောင်သူ ဦးမကူ နော်အောင်၏ ငါးမွေးမြူရေးကန် (၂)ကန်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် ဒေသမျိုးရင်းငါးဖြစ်သည့် ငါးနီ၊ ငါးတောက်၊ မြက်စားငါးကြင်းနှင့် ငါးကြင်းဖြူစသည့် ငါးပိဿာချိန် (၁၀၀)ကျော်ခန့်ရှိ ငါးကောင်ရေ (၁၀၀)ကျော် မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက ဈေးကွက်ရရှိမှုအခြေအနေ မေးမြန်းဆွေးနွေကာ ပူတာအိုခရိုင်အတွင်း ငါးသယံဇာတ ဖူလုံစွာရရှိရေးအတွက် တိုးချဲ့မွေးမြူရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေ ထပ်တိုး လျှောက်ထားနိုင်ရေး သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက် လုံးစွတ်သံကူကွန်ကရစ်တံတားအနီး၌ မေလ(၁)ရက်နေ့တွင် အပင်ပေါင်း(၄၀၀)ကျော်ကို မိုးရာသီအကြို သစ်ပင်စိုက်ပျိုးထားရှိသည့် သစ်ပင်များ ရှင်သန်မှုအခြေအနေ၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရေပေးရေးအတွက် ဆောင်ရွက်ထားရှိ မှုနှင့် မိုးစပါးပျိုးထောင်မှုအတွက် ရေပေးသွင်းမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။
ယင်းနောက် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် မတ်ပန်ကွင်းတွင် တောင်သူ ဦးမောင်မောင်၏ လယ်မြေ၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် ပျိုးထောင်ထားရှိမှုနှင့် လယ်ထွန်ယက် ပြင်ဆင်နေမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် မျိုးစေ့ထုတ်စိုက်ခင်း၌ ၂၀၂၄ ခုနှစ် မိုးရာသီ အထွက်တိုးမျိုးစပါး ဆင်းဧကရီ-၃ ကို သိပ္ပံနည်းကျဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ထားရှိ မှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဦးအောင်လွင်ဦး၊ ခရိုင်ဦးစီးမှူး ဦးမြင့်ထွေး၊ မြို့နယ်ဦးစီးမှူး ဦးကျော်ခိုင်တို့က “ပူတာအို ဒေသဝမ်းစာဖူလုံဖို့ ဒီ(၃)နှစ်မှာကြိုးစားစို့” ဆောင်ပုဒ်ထားရှိကာ ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွန်ချက်အရ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် အထွက်တိုးမျိုး စပါးဆင်းဧကရီ-၃ တင်း(၁၀၀၀၀)ကို ဒေသခံတောင်သူများထံ ဖြန့်ဝေအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြမှုအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးက ပူတာအိုမြို့ မြို့မရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ သိုလှောင်ရုံမှ ၂၀၂၄ ခုနှစ် အထွက်တိုးမျိုးစပါး ဆင်းဧကရီ-၃ တင်း (၁၀၀၀၀)အား ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များသို့ ဖြန့်ဝေဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ညနေပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပူတာအိုခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများအတွက် ထောက်ပံ့နိုင်ရေး ဒုတိယ အကြိမ်အနေဖြင့် ပေးပို့လာသော ဆန်၊ ငါးခြောက်နှင့် စားသုံးဆီများကို ပူတာအိုမြို့ ဖုန်ကန်ရာဇီ ခန်းမတွင် စနစ်တကျသိုလှောင်ထားရှိမှုများနှင့် ဆက်လက်ဖြန့်ဝေဆောင်ရွက်သွားမည့် အစီအစဉ်များကို ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်တို့၏ ရှင်းလင်းတင်ပြမှုအပေါ် ဝန်ထမ်းများလက် ဝယ်အရောက်အမြန်ဆုံး ထောက်ပံ့နိုင်ရေးနှင့် လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)