ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

မြစ်ကြီးနား မေ ၂၈

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာ ထမ်း၊ အမှုထမ်းဝန်ထမ်းသား/ သမီးများ ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မေ ၂၈ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကားပြောကြားသည်။

ထိုသို့အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေရန် နှစ်စဉ်နှစ်တိုင်း ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပညာရေးကဏ္ဍတွင် ကူညီပံ့ပိုးနေသလို ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့၏သား/ သမီးများကို လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တဲ့ ပညာတတ်မျိုးဆက်သစ်များ ဖြစ်လာအောင် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ပံ့ပိုးကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပညာသင်နှစ်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က တက္ကသိုလ်အဆင့် ကျောင်းသား/ ကျောင်းသူ (၂၆)ဦး တို့အတွက် တစ်ဦးလျှင်ငွေကျပ် (၅၀,၀၀၀)စီဖြင့် စုစုပေါင်းငွေကျပ် ၁,၃၀၀,၀၀၀ နှင့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ လွယ်အိတ်၊ ထီး၊ ဝတ်စုံစသည့် ပစ္စည်းတန်ဖိုး ၁,၆၃၈,၀၀၀ ဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုး (၂,၉၃၈,၀၀၀)ကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီးတို့က အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၂၀)ဦးတို့အတွက် တစ်ဦးလျှင် ပညာသင်ထောက်ပံ့‌ ကြေးငွေကျပ် ၄၀,၀၀၀ နှုန်းနှင့် ကျောင်းသုံးပစ္စည်းများဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၁,၉၆၀,၀၀၀)ကို လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက အလယ်အဆင့် ကျောင်းသား/ ကျောင်းသူ (၂၇)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းနှင့် ကျောင်းသုံးပစ္စည်းများဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၂,၂၄၁,၀၀၀)ကို လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၉၁)ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် ၂၅,၀၀၀ နှုန်းနှင့် ကျောင်းသုံးပစ္စည်းများဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၆,၃၂၄,၅၀၀)ကို လည်းကောင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ဇနီးဒေါ်လွင်လွင်မော်က မူလတန်းကြို တက်ရောက်မည့် ကလေးငယ် (၃၆)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၁၅,၀၀၀ နှုန်းနှင့် ကျောင်းသုံးပစ္စည်များဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၁,၅၈၄,၀၀၀)ကို လည်းကောင်း စုစုပေါင်း ကျောင်းသားဦးရေ (၂၀၀)ဦးတို့အတွက် ပစ္စည်းနှင့်ငွေသားတန်ဖိုးစုစုပေါင်းငွေကျပ် (၁၅,၀၄၇,၅၀၀)ကို အသီးသီးပေးအပ်ခဲ့ကြရာ ဝန်ထမ်းများကိုယ်စား ဌာနခွဲစာရေးဒေါ်နီနီဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များရှိ သာဘာရေးကျောင်းဝင်းများ၌ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသည့် မိသားစုများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများအနေဖြင့် စိတ်ပျက်အားလျော့မှု မထားဘဲ အကောင်းဆုံးရင်ဆိုင်ပြီး လိုအပ်သည်များကို မိမိတို့အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်း ကျော်ဖြတ်ရမည်ဖြစ်ပါကြောင်း၊ ယနေ့ မိမိတို့အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး လာရောက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည့်အပြင် ယာယီခိုလှုံနေထိုင်ရာနေရာများရှိ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့ပေါ် ဘာသာရေး ကျောင်းဝင်းများ၊ မိဘမဲ့ဂေဟာနှင့် IDP စခန်းများတွင် ထပ်မံလာရောက်တိမ်းရှောင်နေထိုင်လျက်ရှိ သည့် အိမ်ထောင်စု ၃၄၁ စု၊ လူဦးရေ ၁၅၁၃ ဦးတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ဆန်(၂၄)ပြည်ပါ ဆန်အိတ်ပေါင်း (၃၄၁)အိတ်နှင့် ပြည်နယ်အစိုးရအဖွဲ့က ခေါက်ဆွဲခြောက်ဖာ (၃၄၁)ဖာတို့ကို အသီးသီးထောက်ပံ့ပေးအပ်ကြသည်။

ယင်းနောက် အိမ်ထောင်စုများက ယာယီခိုလှုံနေထိုင်ရာနေရာများတွင် ယာယီအဆောက် အအုံများ တိုးချဲ့ဆောက်လုပ်ပေးရေး၊ အဆောင်ဟောင်းများ ပြုပြင်ပေးနိုင်ရေး၊ သား/သမီးငယ်များ ကျောင်းအပ်နှံနိုင်ရေး၊ ကျန်းမာရေးနှင့် သောက်သုံးရေလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက်အစောပိုင်းကလည်း မြို့သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် ဆမားလမ်းဆုံနေရာမှ ရုံးကြီးလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)