မြစ်ကြီးနား မေ ၂၈
၂၀၂၄ ခုနှစ် ဇွန် ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်ရှိ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း မြက်ခင်းပြင်တွင် ကျင်းပခဲ့သည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုးနှင့် တာဝန်ရှိသူများ၊ မြစ်ကြီးနားခရိုင် ပညာရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဆရာကြီး ဦးရဲအောင်၊ မြစ်ကြီးနားမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်ကေသီဝင်း၊ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်လွင်နှင့် ဆရာ/မများ ကျောင်းသား/သူလေးများ အင်အား(၁၀၀)ကျော်က ပိတောက်၊ မဲဇလီ၊ မန်ဂျန်ရှား၊ ကျွန်း၊ ခရေနှင့် ယင်းမာ စုစုပေါင်း စိုက်ပျိုးပင် ၈၄ ပင်ကို ကျောင်းတွင်း မြေကွက်လပ်၊ ကျောင်းပတ်ဝန်းကျင်နှင့် ဘောလုံးအားကစားကွင်း ပတ်လည်တို့ တွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့ပြင့် တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ဆရာ/မများ၊ ကျောင်းသား/သူများအား ကချင် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အကြို လက်ကမ်းစာစောင်များအား ဝေငှပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)