ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပူတာအိုခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များထောက်ပံ့၊ ဒေသအတွက်အခြေခံစားသောက်ကုန်များ ဒုတိယအကြိမ် ထပ်မံတင်ပို့လာမှုအား ကြည့်ရှုစစ်ဆေး

ပူတာအို မေ ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။

ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်း (ပြည်ထောင်စု) လမ်းမကြီး အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒေသဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးချိန်အမီထွန်ယက်စိုက်ပျိုးနိုင်ရေး ကချင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် စက်သုံးဆီ(ပရီမီယံဒီဇယ်) ဂါလံ(၂၀၀၀၀)ကို ခရိုင်အတွင်းရှိ ဒေသခံတောင်သူလယ်သမားများအား သက်သာသောနှုန်းထားဖြင့်ဖြန့်ဝေရောင်းချပြီးဖြစ်ပါကြောင်း၊ ထပ်မံ၍လည်း စက်သုံးဆီများ ဖြန့်ဝေဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း အဖွဲ့အစည်းများအတွက် အခြေခံစားသောက်ကုန်များ ပထမအကြိမ်အနေဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည့်အပြင် ထပ်မံ၍လည်း ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပူတာအိုခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများအတွက် ပထမအကြိမ်အဖြစ် ထောက်ပံ့လာသည့် ဆန် (၄)တန်၊ ဆီ (၀.၅)တန်နှင့် ငါးခြောက်(၁)တန်တို့အား ဖြန့်ဝေပေးအပ်နိုင်ရေးထောက်ပံ့ပေးအပ်ပြီး ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဒုတိယနှစ်စက်ဝန်းဖြင့် စိုက်ပျိုးရေးကဏ္ဍဆောင်ရွက်နိုင်ရေး  မချမ်းဘောမြို့နယ်အတွက် မတည်ရန်ပုံငွေကျပ်သိန်း (၄၀၀)ကိုလည်းကောင်း၊ နောင်မွန်းမြို့နယ် အတွက် မတည်ရန်ပုံငွေကျပ်သိန်း (၆၀၀) ကို လည်းကောင်း၊ ခေါင်လန်ဖူးမြို့နယ်အတွက် မတည် ရန်ပုံငွေကျပ်သိန်း(၄၀၀)ကိုလည်းကောင်း၊ ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဦးအောင်လွင်ဦးက ပူတာအိုခရိုင်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ရုံးဝန်း၊ ဝန်ထမ်း အိမ်ယာဝန်းများနှင့် နေအိမ်ဝန်းများအတွင်း ဟင်းသီးဟင်းရွက်စိုက်ခင်းများ တည်ထောင်စိုက်ပျိုးနိုင် ရေးအတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များကိုလည်းကောင်း၊ ပူတာအိုတပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ကျော်ဦးက ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူးမြို့နယ်များရှိ ဌာနဆိုင်ရာများအား အခြေခံစားသောက်ကုန်များကိုလည်းကောင်း၊ ပူတာအိုမြို့နယ် “ဆန်း” ဆန်စက် တိုးချဲ့တည်ဆောက် နိုင်ရေးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ မတည်ရန်ပုံငွေကျပ်သိန်း (၅၀၀)ကိုလည်းကောင်း၊ ပူတာအိုမြို့နယ် “ဖီးနစ်” ဝိုင်လုပ်ငန်းအတွက် မတည်ရန်ပုံငွေကျပ်သိန်း (၁၀၀)ကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပူတာအိုလေဆိပ်၌ ပြည်နယ်အစိုးရအဖွဲ့က ဒုတိယအကြိမ် တင်ပို့ထောက်ပံ့လာသည့် ဆန်(၆)ပြည်ပါ အိတ်(၃၂၀)၊ ငါးခြောက် (၆၁၃)ပိဿာပါ (၇၂) အိတ်၊ စားသုံးဆီ (၆၁၆)ပိဿာ (၈၀)ကျပ်သားပါ (၈၃)ဖာတို့ကို စစ်ဆေးလက်ခံခဲ့ကြပြီး ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများက  ပူတာအိုလေဆိပ်မှတဆင့် သိုလှောင်မည့်နေရာသို့ မော်တော် ယာဉ်များဖြင့် စုပေါင်းသယ်ယူပို့ဆောင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတူးခေါင်၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ငါးခြောက်၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်နှင့် အခြားအခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် ညနေပိုင်းတွင် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်ရှိ ခမ်းတီးလုန်စာပေနှင့် ယဉ်ကျေးမှုကော်မတီရုံး၌ ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပထမ နှစ်စက်ဝန်းတွင် အရင်း/အတိုး တာဝန်ကျေပွန်စွာ ပေးဆပ်ခဲ့သည့်အတွက် ယခုဒုတိယစက် ဝန်းတွင်လည်း တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရန်ပုံငွေဖြင့် အကျိုး ဖြစ်ထွန်းအောင်၊ ပွားများအောင် ဆက်လက်ကြိုးစားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပူတာအိုခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးက ၂၀၂၄-၂၀၂၅ ခုနှစ် ပူတာအိုခရိုင် ဒေသဝမ်းစာဖူလုံရေးအတွက် ဆင်းဧကရီ - ၃ အထွက်တိုးမျိုးကောင်းမျိုးသန့်စပါးများ ထောက်ပံ့ပေးနိုင်ခဲ့မှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ပန်းလှိုင်ရပ်ကွက်နေပြည်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ငွေကျပ်သိန်း (၂၀၀)၊ ဆင်းဧကရီ-၃ အထွက်တိုး မျိုးစပါးအိတ်များ၊ ဟင်းသီးဟင်းရွက် မျိုးစေ့များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ ခရိုင်ဆားလုပ်ငန်းဌာနခွဲရုံး သို့သွားရောက်ပြီး ခရိုင်ဆားလုပ်ငန်းဌာနခွဲ ဦးစီးအရာရှိ ဦးဝင်းခိုင်က ပူတာအို‌ဒေသတွင် ဆားပြတ်တောက်မှု မရှိစေရေးအတွက် အိုင်အိုဒင်းဆားအိတ်ပေါင်း (၄၈၀)အိတ် သိုလှောင်ထားရှိမှု အခြေအနေများနှင့် အိုင်အိုဒင်းဆားဓာတ်ပါရှိမှု ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အရာထမ်း/အမှုထမ်းများအတွက် ချီးမြှင့်ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)