ကချင်ပြည်နယ်ဝန်ကြီးချုပ် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ၊ ဘောလုံးအကယ်ဒမီသင်တန်းကျောင်း (ရန်ကုန်)နှင့် (မန္တလေး)သို့ တက်ရောက်ခွင့်ရသော ကချင်ပြည်နယ်မှ လူငယ်ကစားသမားများနှင့် တွေ့ဆုံ

မြစ်ကြီးနား မေ ၂၈

ကချင်ပြည်နယ်အတွင်း ဌာနအလိုက် တာဝန်ထမ်းဆောင်သူများအနေဖြင့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအားလုံးကို ကျွမ်းကျင်နားလည်လာစေရန် ပြည်နယ်ဥပဒေချုပ်ရုံးက ကြီးမှူးဖွင့်လှစ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ပြည်နယ်ဥပဒေချုပ်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းများကို ဖွင့်လှစ်ပေးခြင်းအားဖြင့် ဥပဒေအသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်သည့်အပြင် နောက်နောင်များတွင်လည်း အလျဉ်းသင့်သလို ဥပဒေအသိပညာပေး သင်တန်းများ ဖွင့်လှစ်နိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများကိုယ်တိုင်ကလည်း ဥပဒေကို နားလည်တတ်ကျွမ်းမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ပိုမိုထိရောက် အောင်မြင်နိုင်မည်ဖြစ်သည့်အပြင် သင်တန်းသားများအနေဖြင့် ဥပဒေပညာ၊ ဗဟုသုတများကို နီးစပ်ရာ နယ်ပယ်များဖြစ်သော ပတ်ဝန်းကျင်ရှိ မိဘပြည်သူများအား ပြန်လည်မျှဝေပေးစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း (Legal Advocacy Center-LAC) ဖွင့်ပွဲတွင် ပြောကြားခဲ့သည့် နိုင်ငံ့တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုက်၏ မိန့်ခွန်းဗီဒီယိုကလစ် ဖွင့်လှစ်ပြသခဲ့ကြ ပြီး ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကာ သင်တန်းသို့ တက်ရောက်ကြမည့် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းများက အသီးသီး မိတ်ဆက် ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ သင်တန်းကို ပြည်နယ်ဥပဒေချုပ်ရုံး၌ မေ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ (၃)ရက်ကြာ ဌာန ဆိုင်ရာအသီးသီးမှ သင်တန်းသား (၂၅)ဦးတို့အား ဥပဒေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဒုတိယပြည်နယ်ဥပဒေအရာရှိများက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပ‌ဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေတို့အား အသိပညာပေးဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့် အတူ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်မှ ဘောလုံးအကယ်ဒမီ သင်တန်းကျောင်း (ရန်ကုန်)နှင့် (မန္တလေး)ကျောင်းများတွင် တက်ရောက်ခွင့်ရသော ကချင်ပြည်နယ် မှ လူငယ်အားကစားသမားများအား တွေ့ဆုံအားပေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မျိုးဆက်သစ်ထူးချွန်သည့် လူငယ်ဘောလုံးအားကစားသမားများကို နိုင်ငံတစ်ဝှမ်း ရှာဖွေရွေးချယ်ခဲ့ရာတွင် ကချင်ပြည်နယ်မှ ပဏာမရွေးချယ်ခံရသည့် (၂၂) ဦးအနက် နောက်ဆုံးစကာတင်အပြီးသတ် (၁၄)ဦး ရွေးချယ်ခံရခြင်းဖြစ်သည့်အတွက် အထူးပင်ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ရွေးချယ်ခံရသည့် ကစားသမားများအနေဖြင့်လည်း ၂၀၂၄ ပညာသင်နှစ်တွင် (ရန်ကုန်၊ မန္တလေး)ဘောလုံးအကယ်ဒမီကျောင်းများတွင် အတန်းပညာနှင့် ဘောလုံးပညာများကို အခမဲ့သင်ယူ ခွင့်ရရှိကြမှာဖြစ်သည့်အတွက် နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင်ဘောလုံးသမားများဖြစ်အောင် စိတ်ရှည်သည်းခံ ဇွဲစိတ်သန်စွာဖြင့် အစွမ်းကုန်ကြိုးစားသွားကြရန်လိုကြောင်း ဂုဏ်ပြုပြောကြားပြီး ဘောလုံးအကယ်ဒမီသင်တန်းကျောင်းသို့ တက်ရောက်ခွင့်ရသော ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၄)သိန်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများကလည်း ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနား ကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး (၃)ထပ် လူနာဆောင်၌ ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ရွှေညောင်ပင်နှင့်တာလောကြီးကျေးရွာများမှ ထိခိုက်ဒဏ်ရရှိခဲ့သော ပြည်သူများအား ဆေးဝါးကုသမှု ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး လူနာများအတွက် ထောက်ပံ့ငွေများနှင့် ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဆေးရုံဝန်ထမ်းများအတွက် ချီးမြှင့်ထောက်ပံ့ငွေ များကို ပေးအပ်ခဲ့ကြသည်။

ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်မြေအသုံးချမှုကော်မတီ၏ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော်မတီအဖွဲ့ ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ပြီး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မြေသယံ ဇာတ အရင်းအမြစ်များကို ရေရှည်တည်တံ့စွာအသုံးပြုနိုင်ရေး၊ ပြည်သူများ မြေယာလုပ်ပိုင်ခွင့် ခိုင်မာ စေရေး၊ မြေပေါ်မြေအောက်သယံဇာတများ ထိန်းသိမ်းကာကွယ်နိုင်ရေးတို့အတွက် အမျိုးသားမြေ အသုံးချမှုကောင်စီ၏ လမ်းညွှန်ချက်များကို အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရေးနှင့် ဝိုင်းဝန်းအကြံပြုပေးကြရေး တိုက်တွန်းမှာကြား သည်။

ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ကျေးက အမျိုးသားမြေအသုံးချမှုကောင်စီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ကချင်ပြည်နယ်မြေအသုံးချမှုကော်မတီ ပြင်ဆင်ဖွဲ့စည်းမှုကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းဆွေးနွေး ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ သန့်ရှင်းသာယာ လှပရေးအတွက် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ ဝင်များ၏ သခင်နက်ဖေလမ်းနှင့် ဇော်ဂျွန်းလမ်း မီးပွိုင့်နေရာမှ ကျောက်စိမ်းတုံးမီးပွိုင့်အထိ အမှိုက်များကောက်ယူခြင်း၊ သစ်ပင်ချုံနွယ်များ ရှင်းလင်းပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)